ဧပြီ(၄)
ကျွန်တော်က
ရှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ်တွင်နေထိုင်သော
ရှမ်းလူမျိုးစစ်စစ်တစ်ဦးဖြစ်ပါသည်။ မွေးကတည်းက ဒီဒေသမှာ
နေထိုင်ကြီးပြင်းလာခဲ့ပါသည်။ ကျွန်တော့်မိဘနှစ်ပါးမှာ ဗမာအစိုးရပြောလေ့ရှိသော
ကျဉ်းမြောင်းသည့်လူမျိုး စိတ်ဓါတ်ရှိကြတာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့
ရှမ်းလူမျိုးတွေက ရှမ်းပြည်နယ်ကြီးကိုပဲ ချစ်တက်သော လူမျိုးဟု ပြောနိုင်ပါသည်။
အကြောင်းကတော့ ကျွန်တော်လည်း ကလေးဘ၀ကတည်းက မိဘများ၏ ဆုံးမသွန်သင်မှုကြောင့် ရှမ်း
ပြည်နယ်နှင့် ရှမ်းလူမျိုးကို ချစ်ခင်တွယ်တာသော စိတ်ဓါတ်ကိန်းအောင်းနေသောကြောင့်
ဖြစ်ပါသည်။
ကျွန်တော်လူမှန်းသိတက်စအရွယ်ကတည်းက
ကျွန်တော်တို့ဒေသမှာ မအေးချမ်းခဲ့ပါဘူး။ ကျွန်တော်တို့ရှမ်းစစ်တပ်နဲ့ ဗမာ
စစ်တပ်ရဲ့ တိုက်ပွဲများကြားမှာ ကြီးပြင်းလာခဲ့ပါသည်။
စာလည်းကောင်းကောင်းမသင်ခဲ့ရတာကြောင့် ဗမာစာကို ရေးတက် ဖတ်တက်လောက်ပဲ
သင်ခဲ့ဖူးပါသည်။ အခုတော့ မိဘများနှင့်အတူ တောင်ယာလုပ်ကိုင်စားသောက်လျက် ရှိပါသည်။ ကျွန်တော်တို့ဒေသမှာ
ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ကျွန်တော့်မိသားစု
ဆွေမျိုးသားချင်းများကတော့ ဗမာ စစ်တပ်က ကျွန်တော်တို့ ရှမ်းလူမျိုးများအား
နှိပ်စက်အနိုင်ကျင့်သည်။ ကျွန်တော်တို့ရှမ်းပြည်ကို လာရောက်ကျူးကျော် သည်ဟု
ယူဆကြပါသည်။ ရှမ်းစစ်တပ်ကိုတော့ ကိုယ့်လူမျိုးလည်းဖြစ်၊
ရှမ်းပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေ ခြင်းလည်း ဖြစ်တယ်ဆိုသည့်
စကားများကြောင့် အားပေးထောက်ခံခဲ့ကြပါသည်။ ရှမ်းစစ်တပ်က တောင်းသောဆန်၊ ငွေ
ကြေးများကိုလည်း မရှိရှိအောင်ရှာပြီး လိုလိုလားလားပေးခဲ့ကြသည်။ ရှမ်းစစ်တပ်မှာ
စစ်သားလုပ်ရန် လာခေါ်တော့လည်း ကျွန်တော့်အစ်ကိုကို ထည့်ပေးလိုက်ပါသည်။ ကျွန်တော်ကတော့
မွေးကတည်းက ခြေထောက်တစ်ဖက်မသန်တာကြောင့် မလိုက်ရပါဘူး။
ရွာသားအများစုကတော့
အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အတွက် ရှမ်းစစ်တပ်က တောင်းသမျှ ပေးနေရပြီး လိုလို
လားလားတော့မရှိကြပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရှမ်းစစ်တပ်က တစ်နေ့ကြရင်
အောင်ပွဲခံပြီး ရှမ်းပြည်နယ်ကြီး တည်ထောင်နိုင်မည်ဟု ကျွန်တော့်ဦးနှောက်လေးမှာ
ထင်မှတ်ခဲ့ပါသည်။ လွန်ခဲ့သော(၁)နှစ်လောက်က ဗမာအစိုးရနှင့် ရှမ်းစစ်တပ်တို့
ငြိမ်းချမ်းရေးယူခဲ့ကြသည်ကို ကြားပါသည်။ ထိုနောက်ပိုင်းမှာ ကျွန်တော်တို့ဒေသ၌
ယခင်ကကဲ့သို့ တိုက်ပွဲများ မဖြစ်တော့ပါဘူး။ ဒေသခံတွေအားလုံး အေးအေးချမ်းချမ်းနဲ့
လုပ်ကိုင် စားသောက်နိုင်ပြီဟု တွေးရင်းပျော်ခဲ့ကြ ရပါသည်။ ပစ်သံခတ်သံများရပ်သွားပေမယ့်
ကျွန်တော်တို့ ရှမ်းစစ်တပ်၏ ဆက်ကြေးတောင်း၊ ရိက္ခာတောင်းတာတွေက ပိုပြီးများ
လာပါသည်။ အရင်တုန်းက ဗမာစစ်တပ်မသိအောင် ခိုးကြောင်ခိုးဝှက်လုပ်ခဲ့ပေမယ့်
ယခုအခါမှာတော့ ပေါ်ပေါ်ထင်ထင် တောင်းလာပါသည်။ ရှမ်းစစ်တပ်တောင်းသမျှ
လိုလိုလားလားပေးခဲ့သော ကျွန်တော်တို့ မိသားစု ကတောင် မပေးချင်တော့ သလို၊
မပေးနိုင်သော အခြေအနေဖြစ်လာပါသည်။ ကျွန်တော်တစ်ခု သတိထားမိတာကတော့ ဗမာစစ်တပ်ဟာ
အရင်ကလို အနိုင်ကျင့်ပြီး ပေါ်တာဆွဲခြင်း၊ စားစရာသောက်စရာများကို ပိုက်ဆံမပေးဘဲ
ယူခြင်းစတာတွေကို မတွေ့ရ၊ မကြားရ သလောက် ဖြစ်သွားပါသည်။
အခုအချိန်သည်
ကျွန်တော်တို့လယ်သမားများ လယ်ရိတ်သိမ်းရန် တဖြည်းဖြည်းနီးကပ်လာပါပြီ။ လယ်ရိတ်ရန်
ပြင်ဆင် နေတုန်းမှာပဲ ကျွန်တော်တို့ ရှမ်းစစ်တပ်က လာမယ့်ရှမ်းနှစ်သစ်ကူးပွဲကို
လွယ်တိုင်းလျှံမှာ လုပ်မှာဖြစ်သည့်အတွက် သတ်မှတ်ထားသည့် လူတစ်ယောက် လျော့ရင်
(၁၀)သိန်းပေးရမည်ဟု ကြေငြာထားပါသည်။ အချို့ရွာတွေကို တောင်း ထားတာ
ဒီထက်ပိုသည်ဟုလည်း ကြားရပါသည်။ ရှမ်းစစ်တပ်မှာ စစ်သားလုပ်ရန် ရွာမှာရှိသော
အရွယ်ကောင်းယောကျာင်္း၊ မိန်းမတော်တော်တော်များများလည်း ပေးပြီးပါပြီ။
အခုလည်းကျွန်တော်တို့ရွာလေးက အိမ်ခြေ(၄၀)လောက်ပဲရှိပြီး၊ အရွယ်ကောင်း
ကျား/မ(၁၀၀)တောင် မပြည့်ပါဘူး။ ရှမ်း စစ်သားလုပ်ရန်ပေးပြီးသော်လည်း
လွယ်တိုင်းလျှံသွားရန် ကျွန်တော်တို့ရွာကို (၁၅)ယောက် တောင်းထားပါသည်။ ထို (၁၅)
ယောက်အတွက် ခရီးစရိတ်သိန်း(၃၀)ကို ရွာက ပေးရမည်ဟု အမိန့်ထုတ်ထားပါသည်။ ထို့ကြောင့်
ရွာလူကြီးက ရှမ်း စစ်တပ်ကို သွားပြီး တောင်းပန်သော်လည်း မရဘူးဟု သိရပါသည်။
သတ်မှတ်ထားသော လူနှင့်ငွေကို မပေးနိုင်သည့် အတွက် ရှမ်းစစ်တပ်က ရွာထဲကို ၀င်လာပြီး
အရွယ်ကောင်း ရွာသားများကို ကြိုးတုပ်ခေါ်သွားပါသည်။ အသက်(၁၅)နှစ် တောင်မပြည့်သေးသော
ကျွန်တော့် သားလေးလည်း ပါသွားသည်။ ခရီးစရိတ်အတွက် ရွာသားတွေအားလုံးရှိတာ ပေါင်နှံရောင်းချပြီး
ပေးလိုက်ရသည်။ အချို့က ခိုးစိုက်ထားသော ဘိန်းခင်းများကို လက်ညှိုးထိုး၊
ဘိန်းကုန်သည်ဆီက ငွေကြို ယူပြီး ပေးရပါသည်။ ဤကဲ့သို့ ငွေမရှိလို့ ဘိန်းစိုက်၊ ဆက်ကြေးပေး၊
ငွေလိုတဲ့အခါ ဘိန်းပြန်စိုက်နဲ့ ကျွန်တော်တို့ ရှမ်းတွေ ဘိန်းသံသရာထဲမှာ ကျင်လည် နေကြရဦးမည်
ဖြစ်ပါသည်။
ကျွန်တော်တို့အိမ်မှာ
ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ၊ သားကြီးနဲ့ သမီးငယ်မိသားစုလေးယောက် ရှိပါသည်။
ကျွန်တော်က ခြေထောက်မသန်၊ သားကြီးကို ရှမ်းစစ်တပ်က ခေါ်သွားဆိုတော့ လယ်ရိတ်ရန်
အခက်အခဲဖြစ်နေရပါသည်။ မိန်မကလည်း တီဗွီရောဂါသည်ပါ လွယ်တိုင်းလျှံမှာ
လုပ်မယ့်ရှမ်းနှစ်သစ်ကူးပွဲတက်ဖို့ ခေါ်သွားသောသားကြီးက အိမ်ပြန်လာရန် မဖြစ်နိုင်
တော့မှန်း ကျွန်တော်သိပါသည်။ နောက်ဆုံးရှမ်းစစ်သားဘ၀ကို ရောက်သွားပါတော့မည်။ ကျွန်တော့်မိသားစုလိုပဲ
ဒုက္ခရောက်နေကြသော ရှမ်းတိုင်းရင်းသားမိသားစုတွေ အများကြီးရှိကြပါလိမ့်မည်။
လွယ်တိုင်းလျှံ ကိုခေါ်သွားတာ ကျွန်တော်တို့ လဲချားမြို့နယ်ထဲမှာတင်
ရွာသားရာဂဏန်းရှိသည့်အတွက် အခြားမြို့နယ်ထဲမှာလည်းရှိမှာ သေချာပါသည်။ ပါသွားသော
ရွာသားအားလုံးက လွယ်တိုင်းလျှံမှာ လုပ်မယ့်ပွဲကို မလိုက်ချင်ဘဲနဲ့
လိုက်သွားရခြင်းဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးပွဲဆိုတာ
ကျွန်တော်တို့ရှမ်းလူမျိုးများအတွက် အထွဋ်အမြတ်ထားသောပွဲဖြစ်ပါသည်။ အတင်းအဓမ္မခေါ်
သွားခြင်း၊ ခရီးစရိတ်ပေးရခြင်း၊ လမ်းတွင် ဗမာစစ်တပ်နှင့် တိုးပါက
အန္တရာယ်ရှိခြင်းစတာတွေကြောင့် ရှမ်းစစ်တပ်၏ လုပ်ရပ်များကို မကြည်ညိုတော့ပါဘူး။ ထို့ကြောင့်
ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းလူမျိုးတိုးတက်ရေး ကြွေးကြော် နေသော စ၀်ယွက်စစ်၏
ရှမ်းစစ်တပ်က ကိုယ့်ရှမ်းအချင်းချင်းကို ဒုက္ခပင်လယ်ဝေအောင် ဘာဖြစ်လို့ ဇွတ်အတင်းအကြပ်
လုပ်နေတာလဲဆိုတာကို ကျွန်တော် မစဉ်းစား တက်အောင် ဖြစ်နေပါသည်။
ယခင်အချိန်တုန်းက
ရှမ်းစစ်တပ်လုပ်သမျှမျက်စိစုံမှိတ်ပြီး အားပေးထောက်ခံခဲ့သော ကျွန်တော်ကိုယ်တိုင်
ရှမ်းစစ်တပ်၏ လုပ်ရပ်များကိုကြည့်ရင်း တဖြည်းဖြည်း ရွံမုန်းလာပါသည်။
ကျွန်တော်နည်းတူ ရှမ်းလူမျိုးအများစုကလည်း ကြောက်လို့သာ လက်ခံချင်ယောင်ဆောင်နေပေမယ့်
စိတ်ထဲမှာတော့ ရွံလည်းရွံ ကြေက်လည်းကြောက်နေကြပါပြီ။ ကျွန်တော်တို့ရွာက
ဘုန်းကြီးဟောဖူးတဲ့ တရားလေးကို ပြောပြချင်ပါသည်။ “ အများကမကြိုက်တဲ့၊ အများက
မကြည်ညိုတဲ့ အများက မထောက်ခံတဲ့ သူ/အဖွဲ့ဟာ တစ်ချိန်ကျရင် အ၀ီစိရောက်တဲ့အထိ
ကျဆုံးရမှာပဲ” ဖြစ်ပါသည်။ ထိုမှတ်သားစရာ စကားလေးကို
ရှမ်းပြည် တိုးတက်အောင်လုပ်နေသည်ဆိုသော ရှမ်းစစ်တပ်က စ၀်ယွက်ဆစ်အပါအ၀င်
ခေါင်းဆောင်များကို သိစေချင်ပါသည်။
ကျွန်တော့်ခံစားချက်များကို
စာချောအောင်ရေးသားကူညီပေးသော မြို့ကကျောင်းဆရာလေးကိုလည်း ကျေးဇူးအထူး တင်ပါသည်။
စိုင်းကျော်
မှတ်ချက်။
Email ဖြင့် ပေးပို့လားသောစာအား
မူရင်းအတိုင်း မျှဝေလိုက်ခြင်းဖြစ်ပါသည်။