Friday, May 17, 2013

မန္တလေးတွင် အများပြည်သူ အခမဲ့ အပန်းဖြေ အနားယူရန် ဥယျာဉ်မရှိ

0 comments

မေလ ၁၇ ရက်


မန္တလေးမြို့ခံများ လာရောက်အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ကျူံးနံဘေးအား မေလ ၁၆ ရက်နေ့က တွေ့ရစဉ်

မန္တလေးတွင် အများပြည်သူ အပန်းဖြေ အနားယူရန် အခမဲ့ဥယျာဉ်များ မရှိကြောင်း သိရသည်။ မြို့ပြအင်္ဂါရပ်နှင့်အညီ လူထုအပန်းဖြေ ဥယျာဉ်များ ယခင်က ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဥယျာဉ်ဝင်ကြေးနှင့် တည်ရှိရာနေရာ အနေအထားကြောင့် လူထုအပန်းဖြေဥယျာဉ် မရှိကြောင်း မြို့ခံများက သုံးသပ်ကြသည်။

၁၉၅၉ ခုနှစ်က တည်ထောင်ခဲ့သည့် ၂၆ ဘီလမ်း၊ ၇၃ လမ်းနှင့် ၈၀ လမ်းကြားရှိ မန်းသီတာ ဥယျာဉ်သည် စားသောက်ဆိုင် တစ်ဆိုင်သာ ထားရှိကာ သဘာဝပတ်ဝန်းကျင် ဦးစားပေးသစ်ပင်၊ စမ်းချောင်း၊ လျှိုမြောင်များ၊ မြက်ခင်းပြင်၊ ကလေးကစားကွင်း အပါအ၀င် နဂိုသက်တမ်းရင့် အပင်များနှင့် မိုးပျံလှေကား၊ စာကြည့်တိုက် စသည်တို့ဖြင့် လူထုအပန်းဖြေ ဥယျာဉ်တစ်ခု ဖြစ်ခဲ့သည်။ ယင်းဥယျာဉ်မှာ ၁၉၉၃ ခုနှစ် ကျုံးပြန်လည် တူးဖော်ရေး စီမံကိန်းနှင့်အတူ ဖျက်သိမ်းခဲ့သည်။

''အပန်းဖြေဥယျာဉ်တွေမှာ ၀င်ကြေးပေးရတဲ့အတွက် အများပြည်သူ အပန်းမဖြေနိုင်ကြတော့ဘူး။ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှာ တစ်ယောက်ကို ၀င်ကြေးကျပ်တစ်ထောင် ဆိုတော့ ဆယ်ယောက်အုပ်စု ပျော်ပွဲစားထွက်ရင် ငွေတစ်သောင်းလောက်ကျတယ်။ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အပန်းဖြေနိုင်မယ့် ဥယျာဉ်စစ်စစ် လိုအပ်တာပါ'' ဟု မန္တလေးမြို့ခံလူကြီး တစ်ဦးက ဆိုသည်။

မန္တလေးမြို့ အနောက်တောင်ဘက်ရှိ တက်သေးအင်းကိုလည်း ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းခဲ့သော်လည်း အင်းအတွင်း ငါးမွေးမြူရေး စီမံကိန်း ပြုလုပ်ခြင်း၊ စားသောက်ဆိုင်၊ စင်တင်တေးဂီတများကို ငှားရမ်းခြင်း၊ လေညှင်းခံသည့် ရေပေါ်စင် ဧရိယာကိုလည်း ကော်ဖီဆိုင်အဖြစ် ပြောင်းလဲသွားခြင်းများသည် မြို့နေလူထုအတွက် ယင်းဆိုင်များတွင် စားသောက်စရိတ် ကုန်ကျနိုင်မှ အပန်းဖြေနိုင်မည့် အခြေအနေဖြစ်သည်။

၆၂ လမ်း၊ လမ်း ၄၀နှင့် ၃၇ လမ်းကြားရှိ မနော်ရမ္မံ ဥယျာဉ်သည်လည်း မင်းတုန်းမင်း လက်ထက်က တည်ထားခဲ့သည့် ဥယျာဉ်ပေါင်း ၂၀ ထဲမှ တစ်ခုအပါအ၀င် ဖြစ်ခဲ့ရာ ယင်းနေရာသည်လည်း မန္တလေးမြို့သစ် ဧရိယာနှင့် မြို့လယ်ဧရိယာ ဆက်စပ်သည့်နေရာ ဖြစ်သဖြင့် ၀င်ကြေးအခမဲ့ လူထုအပန်းဖြေ ဥယျာဉ်စစ်စစ်ဖြစ်ရန် မြို့နေလူထုက မျှော်လင့်ခဲ့သော်လည်း လက်ရှိကာလတွင် အခပေး ဂိမ်းကစားကွင်းအဖြစ် ပြောင်းလဲခဲ့သည်။

မန္တလေးရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ မနော်ရမ္မံဥယျာဉ် စသည့်တို့မှာ ၀င်ကြေးပေးဆောင်ရကြောင်း သိရှိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here