ဇွန်လ ၂၀ ရက်
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းက စက်သုံးဆီ တစ်ပီပါ လျှင် ကျပ်တစ်သိန်းခွဲ ဝန်းကျင် ရှိခဲ့ရာမှ ဇွန်လ ဒုတိယပတ်တွင် နှစ်သိန်းကျော်သို့ မြင့်တက်ခဲ့ကြောင်း ယင်းမြို့ ဒေသခံများက ပြောကြားသည်။
ကျိုင်းတုံမြို့ အပါအဝင် ရွှေတြိဂံဒေသသည် စားသောက်ကုန်နှင့် လူ အသုံးအဆောင်ပစ္စည်း မှန်သမျှ ကို အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို မှီခိုနေရပြီး ယင်းနိုင်ငံသုံး ငွေကြေး အတက် အကျအပေါ် မူတည်၍ အခြေခံ လူသုံးကုန်ပစ္စည်း တစ်မျိုးလျှင် ငွေကျပ် သုံးရာမှ ငါးရာကျပ်အထိ မြင့်တက်လေ့ ရှိကာ ယခုကဲ့ သို့ ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ဝယ်ရင်းဈေးနဲ့ သယ်ယူစရိတ်ကို လက်ရှိ ငွေလဲနှုန်း ပေါက်ဈေးနဲ့ တွက်ချက်ပြီးမှ ဆီ တစ်လီတာကို ၇၀ ကျပ်ကနေ ၁၀၀ ကျပ်အထိ ဈေး တင်ရောင်းတာ” ဟု ပုဂ္ဂလိက စက်သုံးဆီ ရောင်းဝယ်ရေး ကုမ္ပဏီမှ တာ ဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းသို့ ဈေးနှုန်းတင် ရောင်းချရသော်လည်း စက်ဆုံးဆီများ အငွေ့ပျံမှုနှင့် ဖိတ်စဉ်မှုများကြောင့် တစ်လီ တာလျှင် ၃၀ ကျပ်မျှသာ အမြတ်အစွန်း ရရှိကြောင်း ၎င်းက ဖွင့်ဟ ပြောဆိုသည်။
“ဒီမှာကလူတိုင်းလိုလိုဆိုင်ကယ်ပဲအားကိုးစီးနေရတာ။ဆီတစ်လီတာ ၇၀၀ ကျော်ကနေ တစ်ထောင်ကျော်
သွားတော့ ခရီးသည်ဆီကနေ ငွေပို တောင်းရပြီလေ။ ဘာ့ကြောင့်
ဈေးတက်တက်၊ နောက်ဆုံးတော့ အခြေ ခံ လူတန်းစားတွေပဲ ဒုက္ခ အခက်အခဲ
တွေ့ရတာပေါ့” ဟု ဆိုင်ကယ် အငှား ယာဉ်မောင်း ဦးစိုင်းထွန်းက ဆိုသည်။
ဇွန်လ ၁၈ ရက် ငွေလဲ နှုန်းထားများမှာ တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာငွေ ၁၅၃ ဒသမ ၅ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ၃၂ ဒသမ ၂ ကျပ်ဖြစ်ကြောင်း ယင်းမြို့ ငွေလဲဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။
ယင်းမြို့နယ် မီးသတ်ဦးစီးဌာန စာရင်းများအရ အဆိုပါ မြို့နယ်တွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်ကြီး ရှစ်ဆိုင် ရှိကြောင်းနှင့် လမ်းဘေးတွင် ရောင်းချနေသော စက်သုံးဆီ အရောင်းဆိုင်များမှာ တရားမဝင် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
The Voice Weekly