Thursday, May 9, 2013

KIA နှင့် အစိုးရ တပ်များ အဆက်မပြတ် တိုက်ပွဲ ဖြစ်ပွားနေ

0 comments
မေ(၉) ရက်

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့ များသည် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွား လာနေကြောင်း KIO နိုင်ငံခြားရေး ဒုတိယ တာဝန်ခံ ဂျိန်းလွန်းတောင်က ဆိုပါသည်။ အဓိက တိုက်ပွဲ နေရာ တွေကတော့ ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ထဲက KIA တပ်မဟာ (၄)နေရာ၊ ပြီးတော့ မေခ မေလိခ မြစ်ဆုံရဲ့ အောက်ပိုင်းက ဧရာဝတီမြစ်ရဲ့ အနောက်ဖက်က မိုးညှင်းမြို့နယ်မှာ လှုပ်ရှား နေတဲ့ ကျနော်တို့ တပ်မဟာ (၂) နယ်မြေ ထဲမှာပေါ့ နေ့တိုင်း လိုလို ဖြစ်လာနေတာ ရှိပါတယ်။” ဟုဆိုပါသည်။ 
 
 
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်နှင့် နမ်းဖက်ကာရှိ KIA တပ်မဟာ (၄) ဧရိယာဖြစ်ပွားသော တိုက်ပွဲများမှာ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့  KIA နှင့် အစိုးရတို့ ဆွေးနွေးပွဲ နောက်ပိုင်း ရင်ဆိုင် တိုက်ပွဲများ တဖြည်းဖြည်း များပြား လာသည်ဟု ဆိုပါသည်။အစိုးရ တပ်ဖွဲ့ များသည် KIA အား အပစ်အခတ် ရပ်စဲခြင်း မဟုတ်သည့် အတွက် ဒေသအလိုက် စစ်ဆင်ရေးများကို ဆက်လက် စစ်ဆင်နေခဲ့ပါသည်။ 
 
မေလ (၆) ရက်နေ့ နံက် (၈) နာရီခွဲတွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မွန်းဂူဒေသ KIA တပ်မဟာ ၄ ၊ တပ်ရင်း (၃၈) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၁၂၅) တပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ခိုက် ခဲ့ကြပါသည်။မေလ (၄) ရက်နေ့ ညနေ (၃) နာရီတွင်လည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ ဖက် ဂိန်မိန်ဒေသ လှုပ်ရှားနေသော KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) နှင့် ခလရ (၁၂၇) တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။မေလ (၂) ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် ခန့်တွင်လည်း  KIA တပ်မဟာ ၄ ၊ တပ်ရင်း (၃၈) နှင့်အစိုးရ ခလရ (၁၂၅) တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ ပါသည်။ ထို့အပြင် ညနေ (၇)နာရီ မိနစ် (၄၀) တွင်လည်း ကောင်းဆာနှင့် ဖိုက်ကောက် တ၀ိုက်ရှိ အစိုးရ ခမရ (၂၄၂) တပ်ဖွဲ့နှင့် ထပ်မံ ဖြစ်ပွား ခဲ့ပါသည်။ 
 
အလားတူ မေလ (၅) ရက်နေ့ တွင် ကချင်ပြည်နယ် မေခနှင့် မေလိခ မြစ်ဆုံ အောက်ပိုင်းရှိ မိုးညှင်း မြို့ နယ်တွင် KIA တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၉၃) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ဤတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ (၃) ရက်နေ့ ကတည်းက တိုက်ပွဲ ဖြစ်ပွား လာခဲ့ခြင်းဖြစ်ပါသည်။မေလ (၇) ရက်နေ့ နံက် (၂) နာရီတွင်လည်း လိုင်ဇာမြို့  အနီးရှိ လဂျားယန်ပွိုင့် (၇၇၁) မှလည်း လက်နက်ကြီး (၃) ချက် ပစ်ခတ် ခဲ့ပါသည်။ဤတိုက်ပွဲများသည် KIA နှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ များကို မထိခိုက် စေသော်လည်း ဆွေးနွေးမှုနှင့် နေရာ သတ်မှတ်ရေးတွင် အခက်အခဲ ဖြစ်လာနိုင်စရာ ရှိနေသည်ဟု ဆိုပါသည်။ KIA နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေး အတွက် (၁၃) ကြိမ်မျှ တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ယနေ့အထိ ပြေလည်မှု မရရှိခဲ့ပေ။
 
အစိုးရသည် KIA အပါဝင် အခြား အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့များနှင့် ယခု မေလ အတွင်းဆွေးနွေးနိုင်ရန် စီစဉ်နေ သည်ဟု ဆိုပါသည်။ အစိုးရသည် KIA နှင့် ဆွေးနွေးနိုင်ရန် လိုလားနေသော်လည်း KIA သည် ကြားခံ အဖွဲ့အစည်း ပါဝင်ခြင်း မရှိပါ က ဆွေးနွေး လိမ့်မည် မဟုတ်ဟု အတိအလင်း ထုတ်ဖေါ်ပြောကြား ထားပြီး ဖြစ်ပါသည်။

ရွှဟင်္သာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here