Saturday, July 6, 2013

မန္တလေးတိုင်း ပုဂံဟိုတယ်ဇုန် အတွင်း၌ BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံသား ကုမ္ပဏီ တစ်ခုအား MIC မှ ခွင့်ပြု

0 comments

ဇူလိုင်လ ၆ ရက်
 
မန္တလေးတိုင်း ပုဂံဟိုတယ်ဇုန် ၄ အား တွေ့မြင်ရစဉ်
 
မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံဟိုတယ်ဇုန် ၂ ရှိ မြေ ၉ ဧကပေါ်တွင် BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် နိုင်ငံသား ကုမ္ပဏီတစ်ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်အား ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၇/၂၀၁၃ အစည်းအဝေးတွင် ချထားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း အပါအ၀င် လုပ်ငန်းလေးခုကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် Sanda Hotel Co., Ltd အား ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး အခန်း ၁၀၀ ပါဝင်မည့် နိုင်ငံတကာ အဆင့်မီ ဟိုတယ်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအပြင် သီလ၀ါ ဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေအား BOT စနစ်ဖြင့် ငှားရမ်း၍ စက်သုံးဆီ၊ အင်ဂျင်ဝိုင်များ တင်/ချသည့် ဆိပ်ခံတံတား တည်ဆောက်ပြီး စက်သုံးဆီ အင်ဂျင်ဝိုင်များ သိုလှောင်ဖြန့်ဖြူးသည့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို Apex Gas and Oil Public Co.,Ltd အား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်တွင် တစ်ရက်လျှင် ဆန်တန် ၅၀ ကျ နိုင်ငံတကာ အဆင့်မီ ပေါင်းဆန်ထုတ်လုပ်ခြင်း လုပ်ငန်းကို U Cho Rice Mill Co., Ltd အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလုံလမ်းတွင် လက်ခစားစနစ်ဖြင့် Temperature Sensor တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်းကို Earth Industrial Co., Ltd အားလည်းကောင်း အသီးသီး လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ ကျပ်သန်းပေါင်း ၂၉၅၉၀၉၀ ကျော်အထိ ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here