Wednesday, August 14, 2013

စည်ပင် ရှင်းလင်းမည့် ရန်ကုန် ဆေးရုံဝင်းမှ ခွေးအကောင် ၈၀ ကျော် ကယ်တင်မည်

0 comments

သြဂုတ်လ(၁၄)ရက်
Photo: စည်ပင် ရှင်းလင်းမည့် ရန်ကုန် ဆေးရုံဝင်းမှ ခွေးအကောင် ၈၀ ကျော် ကယ်တင်မည်

14.8.2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက မကြာမီ ရှင်းလင်း သုတ်သင် မည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်းရှိ ပိုင်ရှင်မဲ့ လေလွင့်ခွေး အကောင် ၈၀ ကျော်ကို ဒေါက်တာ စန်းရည်ထက်နှင့် မကေခိုင်သူရတို့က တစ်ပတ် အတွင်း ကယ်တင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ စန်းရည်ထက်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဆေးရုံကြီးတွင်းရှိ လေလွင့် ခွေး အကောင် ၅၅ ကောင်ကို သြဂုတ်လ ၄ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အတွင်း ကယ်တင်ခဲ့ပြီး သြဂုတ် ၁၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင်းမှ လေလွင့်ခွေး များအား လေးကြိမ်မြောက် ကယ်တင်မှုကို ယင်းဆေးရုံကြီး၏ အသည်းနှင့် အစာအိမ် အူလမ်းကြောင်း ဆေးကုဌာနရှိ ခွေး အကောင် ၃၀ ကို ကယ်တင် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပိုင်ရှင်မဲ့ လေလွင့်ခွေးများသည် ပြည်သူလူထုထံ ကူးစက်ရောဂါ အန္တရာယ် ရှိသဖြင့် ယခင်က အမဲသားတုံးတွင် အဆိပ်လူး၍ လေလွင့်ခွေးများ ကို ကျွေးကာ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက သုတ်သင် ရှင်းလင်းကြောင်း၊ သို့ရာတွင် အဆိုပါ ဆေးရုံတွင်းရှိ ခွေးများက နားလည် သိရှိနေကာ မစားတော့သဖြင့် မေ့ဆေးပေးကာ ဖမ်းဆီးပြီး မသေမချင်း ရိုက်နှက် သတ်ဖြတ်မည်ကို သနားသဖြင့် ကယ်တင်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဆေးရုံရှိ လေလွင့်ခွေးများကို ကယ်တင်ရန် မေ့ဆေးများ ဝယ်ယူကာ နေ့စား အလုပ်သမားများဖြင့် ဖမ်းဆီးကာ ခွေးရူး ကာကွယ်ဆေး ထိုးခြင်း၊ ခွေးအထီး များကို သင်းကွပ်ပြီး ခွေးအမများကို သန္ဓေတားဆေး ထိုးပေးခြင်းများ ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒေါက်တာ စန်းရည်ထက်က ပြောကြား သည်။

ရန်ကုန် ဆေးရုံကြီးဝင်းအတွင်း ကယ်တင်ခဲ့သည့် ခွေးများကို မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ် ရခိုင် ဘုန်းတော်ကြီး ကျောင်းလမ်း၊ အောင်သပြေ လမ်းသွယ်ရှိ လေလွင့်ခွေးများ ကယ်တင်ရေး ဂေဟာ၊ တာမွေမြို့နယ် ကင်းဘဲ့လမ်းရှိ ဝဲထရံစေတီ ကျောင်းတိုက်နှင့် ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ မင်းကွန်းတောရ ဘုန်းကြီးကျောင်းတိုက်တို့တွင် ကယ်ဆယ် ထားပြီး သြဂုတ် ၁၄ ရက်နေ့တွင် ကယ်တင်မည့် ခွေးအကောင် ၃၀ ကို စမ်းချောင်းမြို့နယ်၊ ကျွန်းတော ကျောင်းတိုက်တွင် ခွေးနေအိမ် များ ဆောက်လုပ်ကာ ထားရှိမည် ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ခွေး ကယ်ဆယ်မှုများကို အလှူရှင် ၁၀ဦးခန့်က ထောက်ပံ့ပေး ထားပြီး ကျန်ရှိသော ရန်ကုန်မြို့တွင်းမှ လေလွင့်ခွေးများကို ထပ်မံ ကယ်တင် မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ခွေးတွေကို မပွားလာအောင် ထိန်းချုပ်နည်းတွေ အများကြီး ရှိပါတယ်၊ တားဆေးထိုးတာ၊ သင်းတာ၊ သားအိမ်ထုတ်တာမျိုးတွေတင် မဟုတ်ဘဲ အခြားနည်းတွေ အများကြီး လုပ်လို့ ရပါတယ်။ ခွေးထိန်းသိမ်းရေး ခြံတွေပါ ဖွင့်ရင် လှူမယ့်သူတွေလည်း အများကြီး ရှိတယ်” ဟု ဒေါက်တာ စန်းရည်ထက်က ဆိုသည်။

မန္တလေးအခြေစိုက် ခွေးချစ်သူများက ပုလိပ်မြို့မှ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချမည့် ခွေးအကောင် ၂၀၀ ကျော်ကို တစ်ကောင်လျှင် ကျပ် ခုနစ်ထောင်နှုန်းဖြင့် အကောင် ၆၀ ကို ဇူလိုင်လ ၂၇ ရက်နေ့က ကယ်တင်နိုင်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ခွေးချစ်သူများနှင့် အလှူရှင်များ ညှိနှိုင်း ဆွေးနွေးကာ ခွေးထိန်းသိမ်းရေး စခန်းများ ဖွင့်လှစ်၍ အင်တာနက် ဝက်ဘ်ဆိုက်များတွင် ခွေး မွေးလိုသူများ အတွက် ခွေးများကို ကြေညာကာ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဒေါက်တာ စန်းရည်ထက်က ပြောကြားသည်။

အဆိုပါ ရန်ကုန်မြို့တွင်း ခွေး ရှင်းလင်းမှုများနှင့် ပတ်သက်၍ စာတင် မေးမြန်းမှသာ ဖြေကြားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ခွေးများကို ကယ်ဆယ်သူများ အနေနှင့် ခွေးများကို ကယ်ဆယ်ရုံ သာမက ခွေးကိုက်ခံရသော လူများကို ခွေးရူးပြန်ရောဂါ မဖြစ်စေရန် မည်ကဲ့သို့ ကူညီ ဆောင်ရွက်မည်ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ဒေါက်တာ ထွန်းလင်းအောင်က အကြံပြုထားသည်။

ခွေးရူးပြန်ရောဂါသည် အာရုံကြော ဆဲလ်ကို ဖျက်ဆီးသည့် Rabies Virus ကြောင့် ဖြစ်ပွားပြီး အဆိုပါ ရောဂါပိုး ရှိသော လူ၊ ခွေး၊ ကြောင်၊ လင်းနို့၊ တိရစ္ဆာန်များ အကိုက်ခံရခြင်း၊ ခွေးနှင့် ကြောင်တို့၏ သွားရည်များမှ တစ်ဆင့် လူ့ အရေပြားပေါ်ရှိ ထိခိုက် ရှနာ၊ ပွန်းပဲ့ဒဏ်ရာတို့မှ တစ်ဆင့် ကူးစက်ခံရ နိုင်ကြောင်း၊ ရောဂါ ကူးစက်ခံရသူတွင် အဖျား ငုတ်နေတတ် ပြီး ခွေးကိုက်ခံရသည့် နေရာ ယားယံ နာကျင်လာခြင်း၊ ရေကြောက်ခြင်း၊ စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ အာရုံကြောဆိုင်ရာ ရောဂါ များ ဖြစ်ခြင်း၊ ခွေးကိုက်ခြင်းကဲ့သို့ လက္ခဏာများ ပြ၍ တစ်ပတ်အတွင်း သေ ဆုံးနိုင်သဖြင့် ခွေးရူး ရောဂါသည် ကာကွယ်ရန်သာ ရှိပြီး ရောဂါ ဖြစ်လာ ပါက သေဆုံးရန် ရာခိုင်နှုန်း အပြည့်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာန၏ ခွေးရူး ရောဂါ ကာကွယ်ရေး လက်ကမ်း စာစောင်တွင် ဖော်ပြ ထားသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here