သြဂုတ်လ(၁၃)ရက်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျောက်မီးသွေး အများဆုံးထွက်ရှိရာ ကလေးဝမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် China Guodin Corporation က နုတ်ထွက်သွား၍ စင်ကာပူ ကုမ္ပဏီတစ်ခုဖြစ်သော ISDN Holding Limited နှင့် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။
သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်း၏ ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်သော မေးခွန်းကို အဆိုပါဝန်ကြီးက ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော တရုတ်ကုမ္ပဏီ China Guodin Corporation သည် ဆက်လက် အကောင် အထည် ဖော်နိုင်စွမ်း မရှိတော့သဖြင့် နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ကလေးဝ ကျောက်မီးသွေး စီမံကိန်းကို ယခင်က ပြည်တွင်း တိုင်းရင်းသားကုမ္ပဏီဖြစ်သည့် ထွန်းသွင် သတ္တုလုပ်ငန်း ကုမ္ပဏီနှင့် China Guodin Corporation တို့က ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း တရုတ်ကုမ္ပဏီက ဆက်လက် အကောင်အထည် မဖော်နိုင်တော့သည့် အတွက် ထွန်းသွင်ကုမ္ပဏီနှင့် ISDN Holding Limited တို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။
“သဘောတူညီမှု စာချွန်လွှာ (MoU)၊ ဖက်စပ်သဘောတူညီမှု စာချုပ် (JVA) ကိစ္စရပ်တွေ ဆောင်ရွက်ပြီးမှသာ စီမံကိန်းစတင်မယ့် နေ့ရက်ကို အတိအကျ သတ်မှတ်မယ်” ဟု ၎င်းကဆိုသည်။
ယင်းကျောက်မီးသွေး စီမံကိန်းကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန်အတွက် Clean Coal Technology ကို အသုံးပြုမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော စွန့်ပစ်ပစ္စည်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ စွမ်းဆောင်ရည် မြင့်မားသော စက်အမျိုးအစားများကို အသုံးပြုစေမည် ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကလေးဝ ကျောက်မီးသွေးစက်ရုံကို ကလေးခရိုင် ကလေးဝမြို့၏ မြောက်ဘက် ၁၈ ကီလိုမီတာ အကွာနှင့် ချင်းတွင်း မြစ်ကမ်းမှ ၁ ဒသမ ၅ ကီလိုမီတာ အကွာတွင် တည်ဆောက်မည် ဖြစ်ကြောင်း ပထမအဆင့်အနေနှင့် ၂၇၀ (၂x၁၃၅) မဂ္ဂါဝပ်နှင့် ဒုတိယအဆင့် ၂၇၀ (၁၃၅x၂) မဂ္ဂါဝပ် ရှိသော စက်များကို တပ်ဆင်မည် ဖြစ်ကြောင်း ယင်းစီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
the voice