Monday, August 12, 2013

လက်ရှိလည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ ဥပဒေအရ အခွန်ကင်းလွတ်ခွင့် ခံစားလိုပါက MIC သို့ ပြန်လည် လျှောက်ထားရမည်

0 comments

သြဂုတ်လ(၁၂)

မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသည့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်ကင်းလွတ်ခွင့်များ ခံစားလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တွဲဖက်အတွင်းရေးမှူး သူရဦးသောင်းလွင်က ပြောကြားသည်။

''နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အခုပြည်တွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းအဟောင်းတွေမှာ ပြည်တွင်း လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ပြည်ပ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် ဥပဒေအရ ခွင့်ပြုထားတဲ့ အခွန်ကင်းလွတ် သက်သာခွင့်တွေ ခံစားခွင့်ရဖို့ ဆိုရင် MIC ကို ပြန်လည် လျှောက်ထား နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုရှိရင် အခွန်ကင်းလွတ် သက်သာခွင့်လည်း ရှိပါတယ်။ အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်ပေးတယ်။ လုပ်ငန်း အဟောင်းတွေက ဒီလိုခံစားခွင့် လိုချင်ရင် လုပ်ငန်းမှာ ထပ်ပြီး ရင်းနှီးတာမျိုး၊ လုပ်ငန်းအသစ် ထပ်တိုးချဲ့တာမျိုးတွေ တင်ပြပြီး အခွန်ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်ပါတယ်'' ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တွဲဖက်အတွင်းရေးမှူး သူရဦးသောင်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် လုပ်ငန်းလွယ်ကူ စေရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များ ချထားပေးရာ၌လည်း လုပ်ငန်းစဉ်များ လျော့ချ၍ အမြန်ဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် စတင်မဖွဲ့စည်းမီ လုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများအကြား အခွန်သက်သာခွင့် အပါအ၀င် အခြားသော လိုင်စင်ကြေး ပေးရသွင်းရမှု စသည့်ကွာပာသည့် အခြေအနေများ ရှိနေကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

''ပြည်တွင်း ကုမ္ပဏီတွေက လိုင်စင်လျှောက်ရင် လိုင်စင်ကြေး ၅၀၀၀၀ ကျပ် ပေးရတယ်။ MIC က လုပ်ကိုင်ခွင့် ရထားတဲ့ ကုမ္ပဏီတွေကျတော့ လိုင်စင်ကြေး မပေးရဘူး။ နောက်ပြီး သူတို့မှာ အခွန်ကင်းလွတ် ခွင့်တွေလည်း ပေးထားတယ်။ ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတွေ အဲဒီအခက်အခဲ ရှိတယ်'' ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here