Monday, September 16, 2013

နောက်ဆုံးနိုင်သူ ပြည်သူဖြစ်ရမယ်

0 comments
ရွှေဘိုနယ်တွင် ဇူလိုင်လအတွင်းက မိုးခေါ်လွန်ဆွဲပြိုင်ပွဲတွင် စုပေါင်းအင်အားဖြင့် ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ-ရဲရင့်အောင်)
 
(ဆောင်းပါးရှင်-မောင်တင်ဦး(မြောင်းမြ))

ရှုံးသူ၊ နိုင်သူ

ဘ၀ထဲမှာ ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်နေကြပါတယ်။ ပြိုင်တိုင်းလည်း နိုင်ချင်ကြပါတယ်။ နိုင်ချင်တဲ့စိတ်ဟာ အရည်အချင်းကို တိုးတက်စေသလို မရိုးသားမှုကိုလည်း အဖော်ပြုတတ်ပါတယ်။ အရည်အချင်း တိုးတက်အောင် လေ့ကျင့်ကြိုးစားပြီး ယှဉ်ပြိုင်တာဟာ ကြိုဆိုအပ်ပေမယ့် သူတစ်ပါးကို မကောင်းကြံ၊ ကိုယ့်အရည်အချင်း အစစ်အမှန်ကို ဖုံးကွယ်၊ မသမာမှုတွေနဲ့ ယှဉ်ပြိုင်တာဟာ မလုပ်အပ်ကြောင်း သာမန်အားဖြင့် သိကြမှာပါ။

သိတာက သိတာပဲ။ မသမာမှု ပြုတာက ပြုတာပဲ။ ဘာဆိုင်တာမှတ်လို့ ဆိုတာမျိုးလည်း ရှိနေတတ်ပါတယ်။ 

ပြိုင်ပွဲပေါင်း မြောက်မြားစွာထဲမှာ ဂေါက်ရိုက်တာ တစ်ယောက်ချင်းပြိုင်၊ နိုင်လည်းတစ်ယောက်တည်း။ ရှုံးလည်းတစ်ယောက်တည်း။ ကာယကံရှင်ကိုယ်တိုင် ခံယူလိုက်ရုံပဲ။

ဘောလုံးပွဲလို ပြိုင်ပွဲက ကစားသူ ၁၁ ယောက်၊ နည်းပြအဖွဲ့၊ ပိုင်ရှင် စတဲ့လူတစ်စုက အနိုင်၊ အရှုံးကို စုခံကြရတာ။ အလွန်ဆုံးရှိ လူ ၁၀၀၊ ၂၀၀ ပေါ့။

ဆိုတော့ ပြိုင်ပွဲတိုင်းဟာ လူတစ်ယောက်မှ လူရာဂဏန်းအထိ အနိုင်အရှုံး ဂယက်က ရိုက်ခတ်နေတာပါ။ ဒါပေမဲ့ ပြည်ပျက်လောက်အောင်၊ လူတွေဘ၀ပျက်လောက်အောင် အရှုံးအနိုင်က မကြီးမားပါဘူး။


တစ်ပြည်လုံးနဲ့ဆိုင်တဲ့ အနိုင်အရှုံး

ဒီပြိုင်ပွဲကတော့ ပြိုင်ပွဲတကာ့ ပြိုင်ပွဲထဲမှာ လူသန်းနဲ့ချီပြီး အရှုံး၊ အနိုင်ကို မျှဝေခံစားကြရမယ့် ပြိုင်ပွဲပါ။ ပြိုင်ပွဲဝင် အနိုင်ရသူ တစ်ယောက်ရဲ့ ကံကြမ္မာကို လူသန်းချီပြီး ခံပေးရမယ့် ပြိုင်ပွဲပါ။ သူတော်ရင် တော်သလောက် ပြည်သူတွေ ကံကောင်းမှာပါ။ သူညံ့ရင် ညံ့သလောက် ပြည်သူတွေ ကံဆိုးရမှာပါ။

ဒီလိုတစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲက မကြာမီ ၂၀၁၅ ခုနှစ်မှာ တွေ့ကြုံဖြတ်သန်း ရတော့မှာပါ။ တစ်ပြည်လုံး ကျင်းပမယ့် ရွေးချယ်တင်မြှောက်ပွဲကြီးပါ။

ဆိုတော့ ဒီပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူကို ၀ိုင်းဝန်းအားပေးနေတယ်ဆိုတာ မိမိရဲ့ ကိုယ်စီကိုယ်စီ ကံကြမ္မာကို ကောင်းအောင်၊ ဘ၀တိုးတက်အောင်၊ မြှင့်တင်ကယ်မ ပေးမယ့်သူအဖြစ် တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်သူ အဖြစ်၊ တိုင်းပြည်တစ်ခုလုံး ချောက်ထဲတွန်းမချဘဲ တွန်းတင်ပေးတဲ့သူအဖြစ် မျှော်လင့်တကြီး အားပေးကြတာပါ။

ဒီလိုမိမိတို့ရဲ့ ကံကြမ္မာတွေ ပုံအောပေးရမယ့် ယှဉ်ပြိုင်သူကို မိမိတို့စိတ်နဲ့ မိမိတို့ကိုယ်နဲ့ ရွေးချယ်ကြရမှာ။

ဘယ်သူပြိုင်ပြိုင် ရိုးသားစွာ ယှဉ်ပြိုင်ပါ။ ဘယ်သူနိုင်နိုင် ပြည်သူ့အနိုင်ပါ။ ပြည်သူ့ဘက်တော်သား အနိုင်ပါ။ ပြည်သူကို ချသုံးမယ့်၊ ပြည်သူကို အကျိုးမပြုမယ့်၊ ပြည်သူကို ဆင်းရဲတွင်းပို့မယ့်၊ မိမိတစ်ကိုယ်ကောင်း ကြီးပွားရေး၊ ဆွေမျိုးတစ်စု ကောင်းစားရေးသာလုပ်မယ့် ဘယ်သူ့ကိုမှ အနိုင်မပေးနိုင်ပါဘူး။

မြန်မာပြည်ရှိ သံယဇာတ၊ သဘာဝ တောတောင်ရေမြေ မှန်သမျှ ရေကိုကြည်အောင်၊ မြေကိုရှင်းအောင်၊ လေကိုသန့်အောင် ပြည်သူ့အကျိုးအတွက်ပဲ အသုံးတည့်အောင် ဦးလည်မသုန် ထမ်းရွက်ကြတဲ့ ပြည်သူစစ်စစ်တွေသာလျှင် ပိုင်ဆိုင်ခွင့် ရှိရပါမယ်။

ပြည်သူ့အကျိုးစီးပွားကို တစိုးတစိလေးမျှ ယုတ်လျော့အောင် လုပ်ဆောင်မယ့် အပြုအမူ၊ အပြောအဆို၊ လုပ်ဆောင်ချက်များကို လက်မခံနိုင်ပါဘူး။

ဆိုတော့ ၂၀၁၅ ဆိုတဲ့ မဝေးလှတဲ့ အနာဂတ်မှာ နိုင်သူရှုံးသူဆိုတာ ပြိုင်ပွဲသဘာဝအရ ပေါ်လာမှာပါ။ ဒီလို "ဘယ်သူနိုင်နိုင် တို့နဲ့မဆိုင်၊ တက်လာတဲ့အစိုးရ တို့အစိုးရ။ ဘယ်အစိုးရတက်တက် ထမင်းနှစ်နပ် ပိုစားရတာမှတ်လို့" ဆိုတဲ့ ဘေးထိုင်ပြည်သူများမှာလည်း တာဝန်ရှိပါတယ်။

တစ်ပြည်လုံးရဲ့အနိုင်အရှုံးကို တစ်ပြည်လုံးက ပြည်သူတွေတာ ၀န်အပြည့် ရှိပါတယ်။


ကိုယ်ရွေးမယ့်သူကို သိအောင်လုပ်ကြ

လက်ရှိပထမအကြိမ် ရွေးချယ်ခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များအနက်မှ အချို့ဟာ လွှတ်တော်အမတ်နဲ့ မလျော်ညီတဲ့ အပြုအမူ ရှိတာတွေ၊ ပြည်သူတွေ စံပြနမူနာ ပြုနိုင်တဲ့ အရည်အချင်းနဲ့ မပြည့်စုံတာတွေ၊ အုတ်ရောရော၊ ကျောက်ရောရောတွေ ပါလာပါတယ်။

ဒါဟာ ပါတီက norminate လုပ်ပေးတဲ့ အမတ်တွေ ဖြစ်တာကြောင့် ပထမဆုံး ပါတီမှာ တာဝန်ရှိပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အကြီးမားဆုံး ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်တာကြောင့် ကိုယ်စားလှယ် အများစုကလည်း အဲ့ဒီပါတီနဲ့ ပလဲနံပသင့်သူတွေပဲ ဖြစ်လာပါတယ်။

ဆိုတော့ မိမိကိုယ်စားလှယ် ကောင်းမကောင်း၊ တော်မတော် မိခင်ပါတီက ဂဃနဏ သိရပါမယ်။ ပြီးမှ ပြည်သူကို ချပြရပါမယ်။

နောက်ဆုံး တာဝန်အရှိဆုံးက ဥစ္စာရင်းလို ဥစ္စာပြန်ခဲ ပြည်သူပါပဲ။ ကိုယ့်ကိုယ်စားလှယ် အကြောင်းကို အတတ်နိုင်ဆုံးသိအောင် ကြိုးစားကြရပါမယ်။

အဓိက ကိုယ်စားလှယ်ရဲ့ ပင်ကိုအရည်အချင်းကို သိနေသင့်ပါတယ်။ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်ကိုယ်တိုင်လည်း ကိုယ့်အရည်အချင်းကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ကြေညာ ရပါမယ်။ ရိုးသားမှုရှိရှိ မလိမ်မညာစတမ်း ကြေညာရဲရပါမယ်။

ပြည်သူတွေကို လှည့်စားတာ လိမ်ညာတာဟာ မုသာဝါဒကံ ကျူးလွန်လိုက်တာထက် သံသရာအထိ စောင့်မနေဘဲ လတ်တလော အကျိုးပေး ဒဏ်ခတ်မှုကို ခံရမှာပါ။

အချို့ပုဂ္ဂိုလ် အာဏာရပါတီထဲဝင်၊ ငွေကြေးသြဇာ၊ ပုဂ္ဂိုလ်ရေးသြဇာ၊ မလျော်သြဇာသုံးပြီး ကိုယ်စားလှယ် (အမတ်)ဖြစ်လာလည်း ပြည်သူသန်း ၆၀ ရဲ့ မျက်လုံးတွေအောက်မှာ ကိုယ်ယောင်ဖျောက်လို့ မရပါဘူး။ ဟန်ဆောင်ကောင်းလို့ မရပါဘူး။ တစ်နေ့မဟုတ်တစ်နေ့ ဟုတ်လို့ကျော်လာမှာ ဖြစ်သလို ပုပ်လို့ပေါ်လာမှာ မလွဲပါဘူး။

ပြည်သူကလည်း ကိုယ့်တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုတဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် ရွေးချယ်ပေးသင့်သလို ပါတီတွေကလည်း စစ်မှန်တဲ့ ကိုယ်စားလှယ်က ချပေးရမှာ ဖြစ်သလို ကိုယ်စားလှယ်ကိုယ်တိုင်ကလည်း တိုင်းပြည်အကျိုး သယ်ပိုးလိုတဲ့ ပြည်သူထဲက ထူးချွန်တဲ့ ပြည်သူတစ်ယောက် ဖြစ်သင့်ပါတယ်။


ပြည်သူပဲနိုင်ရမယ်

နိုင်တာ တစ်ယောက်ပဲ ရှိရမယ်။ ဒီတိုင်းပြည်ပဲ။ ပြည်သူပဲနိုင်ရမယ်။ အနိုင်ရတာက ပြည်သူလူထုပဲ ဖြစ်ရမယ်။

အထက်ပါ ကောက်နုတ်ချက်ပါ စကားကို သြဂုတ် ၁၃ ရက် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းများအတွက် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့တာကို ဒီလှိုင်းစာစောင်မှ ဖတ်ရှုသိရှိ ခဲ့ရပါတယ်။

မှန်ပါတယ်။ နိုင်တာတစ်ယောက်ပဲ ရှိတာဟာ ပြိုင်ပွဲရဲ့ သဘာဝပါ။ သရေကျတဲ့ ဘောလုံးပွဲတောင် အဆုံးအဖြတ် ပေးရမယ့်ပွဲ ဖြစ်နေရင် ပယ်နယ်တီနဲ့ နိုင်သူတစ်ယောက် သတ်မှတ်ရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာလည်း သမ္မတဟာ တစ်ယောက်ပဲ ဖြစ်ရမှာပါ။ သူဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာပါ။

ယခင်က မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ LDC အဆင်းရဲဆုံး နိုင်ငံအဖြစ် ကြေညာခံခဲ့ ရပြီးပါပြီ။

ဒါကို အမှတ်သည်းခြေရှိတဲ့ ပြည်သူများ အနေနဲ့ မမေ့အပ်ပါဘူး။ 

ကိုယ်နဲ့မဆိုင်သလိုနေပြီး ကံကြမ္မာကို ၀ကွက်အပ်ထားရင် ပြည်သူတွေ တာဝန်မဲ့ရာ ကျသွားမှာပါ။ မတတ်သာလို့ လက်လျှော့တုန်းက လက်လျှော့ခဲ့ပြီးပါပြီ။ အခုပြည်သူ့အားဟာ အားကောင်းလာချိန်ပါ။ ဒီမိုကရေစီ ရောင်နီသန်းစ ပြုချိန်ပါ။ ပြည်သူနိုးထစ ပြုနေချိန်မှာ ပြည်သူ့အားတွေ စုစည်းကြပါ။ လက်တွေတွဲကြပါ။ လက်တွေချိတ်ကြပါ။ လက်တွဲမပြုတ်ပါစေနဲ့။

ပြည်သူပဲ နိုင်ရမယ် ဆိုထားလေတော့ ဒီနိုင်ငံမှာ ပြည်သူမဟုတ်သူ ဘယ်သူရှိလို့လဲ။ ဟုတ်ကဲ့။ ပြည်သူနဲ့ အတူနေပြီး ပြည်သူမဟုတ်တဲ့သူတွေ ရှိနေပါတယ်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ၊ ပြည်သူဘ၀ကို နှိမ့်ချဆက်ဆံသူ၊ ပြည်သူနဲ့ တစ်သွေးတည်း တစ်သားတည်း မနေနိုင်သူ ပြည်သူကို ခိုင်းဖတ်လို့ သဘောထားသူ။ သူတို့ကို ပြည်သူလို့ မသတ်မှတ်နိုင်ပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆)(စ)၊ ပုဒ်မ (၇)၊ ပုဒ်မ (၁၄)၊ ပုဒ်မ (၁၇)(ခ)၊ ပုဒ်မ (၂၀)၊ ပုဒ်မ (၂၁)၊ ပုဒ်မ (၂၆)၊ ပုဒ်မ (၄၀)၊ ပုဒ်မ (၅၉)၊ ပုဒ်မ (၆၀)၊ ပုဒ်မ (၇၄)၊ ပုဒ်မ (၁၀၉)၊ ပုဒ်မ (၄၃၅)၊ ပုဒ်မ(၄၃၆) စတာတွေ ဖတ်ရှုသုံးသပ် သင့်ပါတယ်။

ဆိုတော့ မဝေးလှတော့တဲ့ ၂၀၁၅ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေတချို့ ပြင်သင့်က ပြင်ရပါမယ်။ ဖျက်သိမ်းသင့်က ဖျက်သိမ်းပေးရပါမယ်။

ဖျက်သိမ်းနိုင်ဖို့က ပြည်သူ့ဆန္ဒ၊ ပြည်သူ့အားပါ။ ပြည်သူ့ဆန္ဒကို အကောင်အထည် ဖော်နေပါတယ်။ သမ္မတ၊ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူနဲ့ တစ်သားတည်းဖြစ်ကြောင်း ပြသနိုင်ဖို့ ပြည်သူနဲ့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးသင့်ပါတယ်။

ပြည်သူနိုင်တာကို မြင်လိုသူတိုင်း ပြည်သူ့သမ္မတတစ်ယောက် ရရှိရေးအတွက် လိုအပ်သမျှ ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် နောက်ဆုံးနိုင်သူဟာ ပြည်သူသာဖြစ်ကြောင်း ကြေညာပေးနိုင်ဖို့ ကြိုးပမ်းကြပါလို့ တိုက်တွန်းအပ်ပါတယ်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here