Monday, September 16, 2013

ခေါင်းဆောင်များအနေဖြင့် မျှော်လင့်ချက် ကြီးမားနေသည့် ပြည်သူများ၏ စိုးရိမ်သောကများကို ပြတ်ပြတ်သားသား ဖြေရှင်းရန် လိုအပ်ကြောင်း ဦးခင်အောင်မြင့် ပြောကြား

0 comments
16.9.2013

ခေါင်းဆောင်တာဝန်ယူထားသူများ အနေဖြင့် မျှော်လင့်ချက် ကြီးမားနေသည့် ပြည်သူများ၏ စိုးရိမ်သောက ဖြစ်မှုများကို ပြတ်ပြတ်သားသား ဖြေရှင်းပေးရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၅ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

"မျှော်လင့်ချက် ကြီးမားနေတဲ့ ပြည်သူတွေဟာ မျှော်တော်ဇောနဲ့ မောမသွားဖို့ လိုပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်သောကတွေကို ပြတ်ပြတ်သားသား ဖြေရှင်းရဲရမယ်။ အထူးအားဖြင့် လူများစုဖြစ်တဲ့ တောင်သူလယ်သမားနဲ့ ဆင်းရဲသားဖြစ်တဲ့ အောက်ခြေအလုပ်သမား အရေးတွေကို ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မူဝါဒမှန်သမျှ သူတို့ရဲ့ အကျိုးစီးပွားပါဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ သက်သာချောင်ချိရေးတို့ကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။

ထို့အပြင် ဒီမိုကရေစီ စနစ်အရ တရားဥပဒေ၏ ရှေ့မှောက်တွင် လူတိုင်းတန်းတူ အခွင့်အရေး ရှိရမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာ အသက်မွေးခွင့်၊ စီးပွားရှာဖွေခွင့် ရှိရမည်ဖြစ်ကြောင်း၊ အများအကျိုးကို ထိခိုက်မှု မရှိရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီစနစ် ရင့်ကျက်ရန်အတွက် စာသင်ကျောင်းများတွင် စတင်လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ကိုက်ညီမှု ရှိစေရန် ပညာရေးစနစ်ကသာ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ပညာရေချိန်မြင့်မှ များရာဆန္ဒနှင့် ဆုံးဖြတ်ရာတွင် မှန်ကန်နိုင်မည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။

"ပညာရေးစနစ်၊ မီဒီယာနဲ့ နိုင်ငံရေးပါတီတွေ အားကောင်းမှ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေသ၍ ရာနှုန်းပြည့် ဒီမိုကရေစီနိုင်ငံဖြစ်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ လက်နက်စွဲကိုင်သူတွေ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်နဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ပြတ်သားစွာ ရွေးချယ်ရမယ့်အချိန် ဖြစ်ပါတယ်" ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here