Saturday, September 21, 2013

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်များ တန်ဖိုးနည်းအိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် ဆန္ဒပြ

0 comments
 
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်များ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားခွင့်အတွက် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်)
 
 

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရှိ ကျူးကျော်ပြည်သူများက ၎င်းတို့အား ဖယ်ရှားခြင်း မပြုဘဲ တန်ဖိုးနည်း အိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြောင်း သိရသည်။

အမှတ် ၆၇ ရပ်ကွက်ရှိ လူအင်အား ၆၀ ခန့်မှ ၎င်းတို့အား မပြောင်းရွှေ့ရေးနှင့် အိုးအိမ်မှ ကတိပေး ထားသည့်အတိုင်း အိမ်ရာလျှောက်ခွင့် ပေးရန်အတွက် ပိုစတာများ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေဟာ ပြောင်းရွှေ့ရမယ့် နေရာမှာ အဆင်မပြေနိုင်ဘူးဆိုတဲ့ အကြောင်းကို တင်ပြတာ ဖြစ်တယ်။ ၁ လပိုင်း ၂ ရက်က သူတို့ကနေ ကျွန်တော်တို့ကို ပေးထားတဲ့ ကတိက လစ်လပ်တဲ့ နေရာလေးတွေမှာ တဲတန်းလျားထိုးပြီး နေထိုင်ဖို့ လုပ်ပေးမယ်။ တိုက်ခန်းပြီးတာနဲ့ တိုက်ခန်းလျှောက်ခွင့် ပေးမယ်။ အလုပ်တွေလည်း ၀င်လုပ်ပါ။ လခပေးမယ်။ နေ့စားခ ပေးမယ်ဆိုပြီး ပြောထားတာ။ အဲဒီလို ပေးထားတဲ့ ကတိကို မတည်ဘဲနဲ့ မင်းတို့ပြောင်းတော့ဆိုပြီး နို့တစ်စာပေးတာ ငါးကြိမ်ရှိပြီ။ ၁ လပိုင်းတုန်းက အိုးအိမ်အပါအ၀င် ဌာန ၁၁ ခုက ကျွန်တော်တို့ကိုခေါ်ပြီး ကတိပေးခဲ့တာ" ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအေးကိုက ပြောကြားသည်။

ပြောင်းရွှေ့သူများအား ၁၀ ပေ၊ ပေ ၆၀ မြေကွက်အား တစ်နှစ်နေထိုင်ခွင့်နှင့် ကျပ်ငွေနှစ်သိန်းပေးကြောင်း သိရပြီး၊ ပြောင်းရွှေ့သွားသူများမှာ အိမ်ခြေ ၅၀ ခန့်ရှိကြောင်း သိရသည်။

"ပြောင်းရမယ့် အိမ် ၄၀၀ ကျော်မှာ ကျန်နေတာက ၅၀ လောက်ပါ။ အဲဒီကျန်နေတဲ့ သူတွေက ၁၅ နှစ်၊ နှစ် ၂၀ နေလာတဲ့ သူဟောင်းတွေ ဖြစ်တယ်။ တန်ဖိုးနည်း အိမ်ရာမှာ ကျွန်တော်တို့ကို ဦးစားပေးစနစ်နဲ့ နိုင်တဲ့ အနေအထားမျိုးဖြစ်အောင်၊ တန်ဖိုးနည်း အိမ်ရာမှာ ဆင်းရဲသားတွေ နေနိုင်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်ပေးစေချင်တယ်။ အရစ်ကျဆိုလည်း အဆင်ပြေအောင် လုပ်ပေးစေချင်တယ်" ဟု ဦးအေးကိုက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရတနာ၊ ဧရာဝဏ် အထပ်မြင့် အိမ်ရာစီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

Eleven





Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here