Saturday, September 21, 2013

ဒီပဲယင်းကိစ္စ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကိုသာမေးရန် ပြန်ကြားရေး ဒုတိယ၀န်ကြီး ပြောကြား

0 comments
 
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဥ
21.9.2013
 
ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောသည်ဆိုလျှင် သူ့ကိုသာ မေးရန်နှင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေးအတွက် လုပ်နေခြင်းဖြစ်ပြီး အာဏာနိုင်ငံရေးအတွက် လုပ်နေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
 
စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် မီဒီယာ များ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ထိုင်းခရီးစဉ်တွင် ပြောကြားခဲ့သော "မြန်မာ့နိုင်ငံရေး တွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချသွားမည်ဟု ပြောကြားခဲ့မှုအပေါ် အစိုးရအနေဖြင့် မည်သို့သဘောထားကြောင်းနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည် ဖော်မည်ဆိုသော မေးခွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ သူ့မိသားစု၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးလျှင် ဒီပဲယင်း အရေးအခင်းကို ဖော်ထုတ်မည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဒီပဲယင်းကိစ္စတွင် မည်သူတာဝန်ရှိသည် ဆိုခြင်းကို အမှန်အတိုင်း ပြည်သူအား ချပြရန် ရှိမရှိ မြန်မာတိုင်းမ်ဂျာနယ်မှ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် "ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း မီဒီယာတွေမှာ တွေ့ပါတယ်။ Facebook မှာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ဒီဟာကို သူမပြောပါဘူးလို့ ငြင်းထားတယ်ဆိုတာ တွေ့တယ်။ သူပြောတဲ့ စကားကို သူပဲတာဝန်ယူမှာ ဖြစ်တဲ့အတွက် သူ့ကိုမေးတာပဲ ကောင်းမယ်ထင်တယ်။ ဆက်လက် မေးတာ နိုင်ငံတော်အနေနဲ့ ဒီပဲယင်းကိစ္စကို ရှင်းပြဖို့ ရှိသလား။ ကျွန်တော်တို့ လောလောဆယ် မရှိပါဘူး။ ဒါဟိုတုန်းက ဖြစ်တဲ့ဟာကို ဟိုတုန်းက ရှင်းပြထားပြီးပြီ။ အခု သူပြောတယ်ဆိုရင် သူ့ကိုပဲ မေးရမှာ။ သူကဘာသတင်း အချက်အလက်တွေ ရှိလဲ။ သူဘာတွေလုပ်သလဲ ရှင်းပြရမှာပေါ့။ ကျွန်တော့်အနေနဲ့ ဒီဟာကို သီးခြားမှတ်ချက်ပေးစရာ အကြောင်းမရှိပါဘူး" ဟု ပြောကြားခဲ့သည်။
 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာအတိုင်း အရင်တုန်းကလည်း တပ်မတော်က အချိန်မီ ပြောခဲ့ပြီးသား ကိစ္စပဲ။ တပ်မတော်က အမျိုးသားနိုင်ငံရေးကိုပဲ လုပ်နေတယ်။ အာဏာ နိုင်ငံရေးအတွက် သူလုပ်နေတာ မဟုတ်ဘူး။ နောက်တစ်ခါ ဟိုတုန်းကလည်း ကျွန်တော်ထင်တယ်။ ၂၀၀၈-၂၀၀၉ လောက်တုန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အခုကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆောင်ရွက်နေခြင်းသည် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ဖြစ်တယ်၊ အဆုံးမဟုတ်သေးဘူး၊ အစပဲရှိတယ်။ ဒီမိုကရေစီ အရေးမှာ ပတ်သက်နေတဲ့ အင်အားစု အားလုံးကို ရင့်ကျက်လာတာနဲ့အမျှ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အသားကျ လာတာနဲ့အမျှ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြောင်းလဲသွားလို့ ရတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ သမ္မတကြီး ကလည်း ဒီအခြေခံဥပဒေဟာ လူတွေရေးဆွဲထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြင်သင့်ရင် ပြင်လို့ရပါတယ်။ တာဝန်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ စတင်ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တပ်မတော် အနေနဲ့လည်း သူ့ရဲ့သဘောထားကိုပဲ ပြောတာဖြစ်ပါတယ်။ ဘယ်အချိန် စလုပ်မလဲ ဆိုတာတော့ ဒီမြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးရဲ့ ရင့်ကျက်မှု၊ ဒို့တာဝန် အရေး သုံးပါးကို စောင့်ထိန်းနိုင်မှု၊ အဖြေရှာနိုင်မှုပေါ်မှာ မူတည်တယ်။ ဒါကတော့ အချိန်ဇယားနဲ့ အတိအကျပြောလို့ ရတယ်လို့ ကျွန်တော်မထင်ဘူး" ဟု ပြောကြားခဲ့သည်။
 
Eleven Media Group
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here