Saturday, September 21, 2013

ကချင်ပြည်နယ် အင်းတော်ကြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်

0 comments
 20.9.2013

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသအား ပွင့်လင်းရာသီမှ စတင်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနဆိုင်ရာ အသီးသီးမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်တော့ကြမည်ဖြစ်ကြောင်း မိုးညှင်းမြို့ မဲဆန္ဒအမှတ်(၆)နယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းနှင့် ဒေသခံများထံမှ သိရသည်။

 ၎င်းအင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်းအား နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း၊ အနောက် ဖက်ကမ်းကို ပြည်သူ့ ဆောက်လုပ်ရေးမှ တာဝန်ယူ၍ နန့်မွန်းမှ ညောင်ပင်အထိ သိန်းငါးထောင် ခွင့်ပြုထားပြီးကြောင်း၊ ပညာရေးဌာနမှ အင်းပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများအား အ.ထ.က(ခွဲ)မှ အ.ထ.က၊ အ.လ.က(ခွဲ)မှ အ.လ.ကစသည့် ပညာသင်ကျောင်းများအား အဆင့်မြင့်တင်ပေးခဲ့ပြီး နန့်မွန်းတွင် စာစစ်ဌာန တစ်ခုပင် ရရှိနေကြောင်း၊ ၂၄နာရီ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓာတ်အားလိုင်း သွယ်တန်းရန် ဟိုပင်မြို့မှတဆင့် အင်းတော်ကြီး ဒေသသို့ ဓာတ်အားလိုင်း ကွန်ကရစ် မီးတိုင်များ ပို့ဆောင်နေပြီဖြစ်ကြောင်း၊ အင်းတော်ကြီး ဒေသ၏ မြို့နယ်ခွဲ ရရှိနိုင်ရန် သက်ဆိုင်ရာ ဌာနများ အဆင့်ဆင့်မှ စီစစ်တင်ပြမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းပြည်နယ်သို့ တင်ပြတောင်းဆိုခဲ့သော အိတ်ချိန်းရုံးဟောင်းများကို ဖျက်သိမ်း၍ မိုဘိုင်းဖုန်းတိုင်များ ထောင်၍ ဆင်းကတ်များ ချပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာဌာန အသီးသီးမှ သိရသည်။

 ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဖေသောင်းမှ လွှတ်တော်တွင် အင်းတော်ကြီး တောင်ပတ်လမ်းအား ကတ္တရာလမ်း ခင်းပေးရန်၊ အင်း၏ပတ်လည်တွင်ရှိသော အင်းပတ်လမ်းအား ကျောက်ကြမ်းလမ်း ခင်းပေးရန်၊ အင်းတော်ကြီး ဒေသရှိ ပညာရေး စာသင်ကြောင်းများအား အဆင့်မြင့်တင်ပေးရန်၊ မဟာဓာတ်အားလိုင်းများမှ လျှပ်စစ်မီးလွတ်ပေး၍ ၂၄နာရီမီးလင်းရေးအတွက် ဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

 အင်းတော်ကြီး တောင်ပတ်လမ်းအား ကတ္တရာပတ်လမ်း ခင်းပေးရန် စတင်ဆောင်ရွက်နေကြောင်း၊ (၆၅)မိုင်ရှိသော အင်းပတ်လမ်းအတွက် ၁၂ရာသီ သွားလာရေး လွယ်ကူစေရန် ပွင့်လင်းရာသီမှ စတင်ဆောင်ရွက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

 မိုးညှင်းမြို့နယ် အတွင်းရှိသည့် အင်းတော်ကြီးဒေသသည် စတုရန်းမိုင်၃၁၄.၆၇မိုင် ကျယ်ဝန်းပြီး ကျေးရွာအုပ်စု(၁၁)အုပ်စုရှိသည်။ သဘာဝ ထိန်းသိမ်းရေးနှင့် သားငှက်ဘေးမဲ့ တောနယ်မြေဖြစ်ပြီး အာဆီရန် ဖွံ့ဖြိုးရေး ရန်ပုံငွေ ရရှိသော ဒေသလည်း ဖြစ်သည်။ အင်းတော်ကြီး ရေအိုင်သည် အရှေ့တောင် အာရှတွင် ကုန်းတွင်းရေနေ အကြီးဆုံး သဘာဝအိုင်ကြီးဖြစ်ပြီး အလျား၁၄မိုင် အနံ၇မိုင်ရှိသည်။

မြန်မာခေတ်


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here