Friday, September 20, 2013

မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့နှင့် မယ်ဆိုင်မြို့ အနီးတွင် အထူး စီးပွားရေးဇုန် တည်ထောင်ရန် စီစဉ်နေ

0 comments

                        မြန်မာ-ထိုင်းနယ်စပ် မြ၀တီစက်မှုဇုန် တည်ဆောက်နေသည်ကို တွေ့ရစဉ်
20.9.2013


ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်နှင့် မယ်ဆိုင်မြို့နယ် အနီးတွင် အထူး စီးပွားရေးဇုန် တစ်ခု တည်ထောင်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အထူး စီးပွားရေးဇုန် တည်ထောင်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင် နာဝါထရာ၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရေး ဘုတ်အဖွဲ့က လုပ်ငန်း ဖြစ်နိုင်ခြေကို ဆန်းစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

မဲဆောက်နှင့် မယ်ဆိုင် မြို့နယ်များသည် မြန်မာနှင့် ထိုင်းနိုင်ငံအတွက် အဓိက ကုန်သွယ်မှု နယ်စပ် မြို့များဖြစ်ပြီး မဲဆောက်နှင့် မြ၀တီမြို့များတစ်ဆင့် အပြန်အလှန် ကုန်သွယ်မှု ပမာဏသည် ယခုနှစ် နှစ်ဝက်အတွင်း ဘတ် ၂၅၀ ဘီလျှံ ရှိကြောင်းနှင့် အဆိုပါ ကာလအတွင်း မယ်ဆိုင်မြို့နယ်မှ ဘတ် ၆ ဒသမ ၈ ဘီလျံခန့် အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

ထို့အတူ ထိုင်းပို့ကုန် အများအပြားသည် မယ်ဆိုင်မှတစ်ဆင့် ရန်ကုန်သို့ အဓိက တင်ပို့ နေသည့်အပြင် မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တရုတ်တောင်ပိုင်း သို့လည်း အများအပြား တင်ပို့ နေရကြောင်း သိရသည်။

ယခု အသစ်ဖော်ထုတ်မည့် အထူး စီးပွားရေးဇုန်တွင် အခွန်နှင့် အခြား စီးပွားရေး မက်လုံးအများအပြားဖြင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင် နိုင်မည်ဖြစ်ပြီး ဥပဒေ နှင့် စည်းမျဉ်း စည်းကမ်းများအတွက် မြန်မာအစိုးရ၏ အကြံဉာဏ်ပေးမှုကို ရယူသွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီး Mr Charupong Ruangsuwan က ပြောကြားသည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်အနီးတွင် အထူး စီးပွားရေးဇုန်များ တည်ထောင်လေ့ရှိပြီး လာအို နယ်စပ်တွင် Sangkhla Buri? ၊ ကမ္ဘောဒီးယားနယ်စပ် တွင် Aranyaprathet အထူး စီးပွားရေး ဇုန်များ တည်ထောင်ထားသည်။

ထိုင်း မဲဆောက်နှင့် မယ်ဆိုင်မြို့များ၏ တစ်ဖက်ကမ်း မြန်မာနိုင်ငံဘက်ခြမ်း တွင်လည်း မြ၀တီ စက်မှုဇုန် တည်ထောင်လျှက်ရှိပြီး ဘုရားသုံးဆူ တွင်လည်း စက်မှုဇုန် တည်ထောင်ရန် စီစဉ် လျှက်ရှိသည်။ ထို့အတူ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့ တွင် လည်း စက်မှုဇုန် တည်ထောင်ပြီး လုပ်ငန်းများ စတင် လည်ပတ်နေပြီ ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း အထူး စီးပွားရေးဇုန် စီမံကိန်းများ ရှိပြီး သီလ၀ါ၊ ထားဝယ် နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်များ ဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် တည်ဆောက်ဆဲ စီမံကိန်းများသာ ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း ထုတ်လုပ်ရန်အတွက် စက်မှုဇုန်များ ကိုသာ အားထားနေရဆဲ ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here