9.9.2013
ကေလန်းနှင့် ကွာလာလမ်ပူတို့မှလာသည့် အဆိုပါ တရားမဝင် မြန်မာများကို မလေးရှား-ထိုင်းနယ်စပ်ကို သွားသည့်လမ်းတွင် မလေးရှား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘတ်စ်ကား သုံးစီးဖြင့် လိုက်ပါလာသည့် အဆိုပါ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ယင်းမြန်မာ ၆၅ ဦးကို တရားဝင် အထောက်အထား မရှိသဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ပြီး အနည်းဆုံး မလေးရှားရင်းဂစ် တစ်သောင်း သို့မဟုတ် အနိမ့်ဆုံး ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်နှစ်ရပ်ကို မချမှတ်လိုပါက ကြိမ်ဒဏ် အများဆုံး ခြောက်ချက်အထိ အပြစ်ပေးနိုင်ကြောင်း Bernama တွင် ဖော်ပြသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်နေသည့် အော်ပရာစီ စစ်ဆင်ရေး Ops 6P Bersepadu တွင် တရားမဝင် နိုင်ငံခြားသာ ငါးထောင် ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းတို့ကို အခွင့်အရေးတစ်ရပ် ပေးသည့်အနေနှင့် တရားဝင် အထောက်အထား ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi က ပြောကြားသည်ဟု မလေးရှားနိုင်ငံ The Star သတင်းဌာနက စက်တင်ဘာလ ၆ ရက်နေ့တွင် ဖော်ပြသည်။ စက်တင်ဘာလ ၄ ရက်နေ့ထိ မလေးရှား သတင်းများတွင် ဖော်ပြချက် အရ မြန်မာ ၆၀၀ ခန့် ဖမ်းဆီးခံထားရပြီ ဖြစ်သည်။
တရားမဝင် လုပ်သားများကို အထောက်အထား ထုတ်ပေးမည် ဆိုသော်လည်း ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း မလေးရှား သတင်းများတွင် ဖော်ပြထားသည်။ “လက်ဗွေ ပြန်နှိပ်ရမယ်။ ပါမစ်ပြန်လုပ်ရမယ်လို့ သူဌေးက ပြောတယ်” ဟု ဆင်လင်ဂေါဒေသတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးက The Voice သို့ ပြောကြားသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ အရေးကို နှစ်နိုင်ငံညှိနှိုင်း ဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည့် အထူးကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။