Monday, September 16, 2013

တရားရင်ဆိုင်ဆဲ အချုပ်သားလေးဦး ဟင်္သာတထောင်တွင် အစာငတ်ခံ ဆန္ဒပြ

0 comments
16.09.2013

ဟင်္သာတ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် တရားရင်ဆိုင်ဆဲ အချုပ်သား လေးဦး စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း ဟင်္သာတမြို့ အကျဉ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းအချုပ်သားများသည် ရဲတပ်ဖွဲ့က အမှုဆင်ဖမ်းဆီးသည်ဟုဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ကို ထောင်အတွင်း သွားရောက် တွေ့ဆုံညှိနှိုင်းခဲ့သူ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အစာငတ်ခံ ဆန္ဒပြသူ ဦးခင်မောင်မြင့်၊ ဦးမျိုးမင်း၊ ဦးဝင်းနိုင်၊ ဦးဝေဖြိုးသန်းတို့ လေးဦးကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးက ထောင်အတွင်းသို့ ဝင်ရောက် တွေ့ဆုံပြီး အကျဉ်းထောင် ဥပဒေများနှင့်အညီ ဖျောင်းဖျခဲ့ပြီးနောက် အစာငတ်ခံ ဆန္ဒပြမှု ရုပ်သိမ်းလိုက်ကြောင်း အဆိုပါတာဝန်ရှိ သူက ပြောဆိုသည်။
ဦးခင်မောင်မြင့် အပါအဝင် ၆ ဦးကို အမှတ် ၁ ရဲတပ်ဖွဲ့စခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆၊ မတရား ချုပ်နှောင်ထားမှု ပုဒ်မ ၃၄၂ ဖြင့် အမှုဖွင့်ထားပြီး ဦးခင်မောင်မြင့် တစ်ဦးတည်းကို ပုဒ်မ ၃၇၆ အရ အရေးယူထားကာ ကျန်စွပ်စွဲခံရသူ ငါးဦးကို ပုဒ်မ ၃၄၂ အရ သီးခြား အရေးယူထားကြောင်း ဟင်္သာတ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုက ပြောကြားသည်။
အမှတ် (၂) ရဲတပ်ဖွဲ့စခန်းတွင်လည်း ခြောက်လှန့် တောင်းယူမှုပုဒ်မ ၃၈၄၊ ရာဇဝတ် မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆၊ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု ပုဒ်မ ၁၁၄ နှင့် ပုဒ်မ ၃၄၇ တို့ဖြင့် အမှုဖွင့် ထားပြီး ဥပဒေ အကြံပြုချက်အရ ဓားပြမှု ပုဒ်မ ၃၉၅ အရ အရေးယူထားကြောင်း၊ ပုဒ်မ ၃၉၅ အရ အရေးယူခြင်းမှာ အခင်းဖြစ်သည့် အချိန်နှင့် နေရာတွင် လူငါးဦးနှင့် အထက် ပါဝင်နေခြင်းကြောင့်ဖြစ်ပြီး တရားရုံး၏ ချုပ်မိန့်အရ ဟင်္သာတ ထောင်ချုပ်တွင် ထားရှိခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် ဦးခင်မောင်မြင့်ကို အမှုများဖြင့် ဖမ်းဆီး၍ ထောင်ချုပ်တွင် ထားရှိပြီး အမှုများနှင့် ဆက်စပ်သူ ဦးမျိုးမင်း၊ ဦးဝေဖြိုးသန်း၊ ဦးဝင်းနိုင်တို့ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီး၍ ထောင်ချုပ်ထဲသို့ ပို့ထားကြောင်း ယင်းအမှုတွဲများတွင် ပါဝင်သူ ဦးခင်မောင်မြင့်၏ဇနီး ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။
အမှုတွဲတွင် ပါဝင်သော်လည်း ဦးခင်မောင်မြင့်၏ ဇနီးဖြစ်သူနှင့် အစ်မအရင်းတို့ကို ကျန်းမာရေးအရ တရားရုံး အာမခံပေးထားကြောင်း စွပ်စွဲခံရမှုတွင် ပါဝင်သည့် အစ်မဖြစ်သူ ဒေါ်သန်းသန်းစိုးက ဆိုသည်။
အစာငတ်ခံ ဆန္ဒပြမှု ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း ဦးခင်မောင်မြင့်ပါ လေးဦး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ဟင်္သာတ အကျဉ်းဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။
The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here