Monday, September 16, 2013

လယ်ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့ တောင်သူအများစုကို မေးမြန်းခြင်း မရှိဟုဆို

0 comments
16.09.2013

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် အတွင်းရှိ လယ်ယာမြေ ပြဿနာများကို ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့တွင် လာရောက် စစ်ဆေးခဲ့ရာ စစ်ဆေးခံရမည့် တောင်သူအများစုကို မေးမြန်းခြင်း မရှိခဲ့ကြောင်း စစ်ဆေးခံရန် သွားရောက် စောင့်ဆိုင်းခဲ့သည့် ကျိုက်လတ်မြို့နယ် ပေချောင်ကျေးရွာအုပ်စု ကျုံကလွန် ကျေးရွာမှ လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ခင်အေးမိုးက ပြောကြားသည်။
“အမှု ၁၂ ခုပဲ စစ်သွားတယ်။ ကျွန်မအပါအဝင် လာစောင့်တဲ့ လယ်သမား စုစုပေါင်း ၅၀ လောက်ရှိမယ်။ တစ်ယောက်မှ စစ်တဲ့အထဲမပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးမှုကို လာရောက် စောင့်ဆိုင်းနေသူများတွင် ကျိုက်လတ်မြို့နယ် အတွင်းရှိ ပေချောင်ကျေးရွာအုပ်စု၊ အနောက်ပဲခူးစု ကျေးရွာအုပ်စု၊ ငပွေးတန်းစာဖြူ ကျေးရွာအုပ်စု၊ ကလပ်ရပ် ကျေးရွာအုပ်စု၊ မိဿလင် ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများ ပါဝင်ကြောင်း ဒေါ်ခင်အေးမိုးက ဆိုသည်။
လယ်ယာ မြေပြဿနာ အမှုတွဲပေါင်း ၁၂ ခုတွင် ပါဝင်သူပေါင်း ၁၀၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ နောက်ထပ် တိုင်ကြားလာမည့် လယ်ယာမြေ အငြင်းပွားမှုများ ရှိပါကလည်း ထပ်မံလာရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူ တစ်ဦးဖြစ်သူ ယင်းဒေသသို့ သွားရောက် စစ်ဆေးခဲ့သည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။
“အမှု ၁၂ တွဲမှာတော့ နှစ်ဖက်စလုံးကို ခေါ်ပြီး စစ်ပါတယ်။ နောက်ထပ် ရောက်လာတဲ့ နှစ်မှုကတော့ တစ်ဖက်တည်းကိုပဲ စစ်ရသေးပါတယ်။ အုပ်ချုပ်ရေးမှူးကို တခြားတစ်ဖက်ကို ထပ်စစ်ပြီး အသံဖိုင်ယူထားဖို့ မှာထားခဲ့ပါတယ်” ဟု ဦးစိန်ဝင်းက ဆိုသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here