Monday, September 9, 2013

ယာဉ်သွားအလာများသော လမ်းဆုံမီးပွိုင့်ပျက်နေသည်မှ လေးလခန့်ကြာမြင့်နေပြီဖြစ်

0 comments

လားရှိုးမြို့တွင် အဓိက လမ်းဆုံကြီးတစ်ခုရှိ မီးပွိုင့်တစ်ခုမှာ လေးလခန့်ကြာနေပြီဖြစ်သော်လည်း အလုပ်မလုပ်ဘဲ လမ်းစည်းကမ်း လိုက်နာမှုမရှိဘဲ ယာဉ်များဖြစ်သလို သွားလာနေရကြောင်း ယာဉ်မောင်းများနှင့် ဒေသခံများက ပြောကြသည်။

“မီးပွိုင့်သာ ရှိတာပါဗျာ။ ယာဉ်အချက်ပြမီးတွေမှ မလင်းတာ (၃/၄)လလောက်တောင် ရှိနေပြီ။ အလိုလိုမှ ကျွန်တော်တို့မြို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာတာ အားနည်းတာ။အခုလို မီးပွိုင့်တွေကမီးပျက် မီးပွိုင့်ကြီးဖြစ်နေတော့ ယာဉ်တိုက်မှု တွေနေ့စဉ်ဖြစ်နေတာ နည်းတောင်နည်းသေးတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။အဆိုပါ မီးပွိုင့်သည် မြို့တွင်းရှိ ပင်မလမ်းမကြီးဖြစ်သော ဘူတာလမ်း၊ နမ္မတူလမ်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ တိုင်းရုံးလမ်း၏ ဆုံရာဖြစ်ပြီး၊ ယာဉ်အသွားအလာ များပြား၍ နမ္မတူမြို့အထွက်လမ်းဘက်တွင် တည်ရှိသည့် ဘာသာပေါင်းစုံ ကြာကန်သုဿန်သို့ နေ့စဉ် နာရေးကားများလည်း ဖြတ်သန်း သွားလာနေသည့် လမ်းဖြစ်သည့်အပြင် နမ္မတူမြို့မှ လားရှိုးမြို့သို့ ခရီးသည်တင် ယာဉ်ကြီးအများအပြား ၀င်ထွက်သွားနေသည့် လမ်းလည်း ဖြစ်သည်။

“အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ စနစ်တကျနဲ့ကိုလုပ်တာ။ မီးပွိုင့်မှာ မီးမလင်းတာတွေ့ရင် တိုင်းမှူးက နမ္မတူလမ်း ဘက်မှာရှိတဲ့ ဂေါက်ကွင်းဂေါက်ရိုက်သွားရင်းတွေ့ရင် ချက်ချင်း အရေးယူတာ။ အခုကျတော့ဘယ်သူမှ အရေးမယူလို့လားတော့ မသိဘူး ဒီအတိုင်း ။ လားရှိုးမှာ အခုနောက်ပိုင်း မီးလဲမှန်မှန်လာပါတယ်။

မီးပွိုင့်က မီးသီးတွေ ကျွမ်းနေတာလားတော့ မသိဘူး။ မီးမလင်းတာ တော်တော်ကြာပြီ မီးပွိုင့်မှာ ယာဉ်ထိန်းရဲတွေ တွေ့ရပါတယ်။ လူကြီးလမ်းကြောင်းတို့ တစ်ခါတလေ နာရေးကား 
တွေများတဲ့ အချိန်ကြမှပဲ အပြင်ထွက်ပြီး လမ်းရှင်းပေးတယ်။ ဒါကြီးကတော့ပြင်သင့်ပါပြီဗျာ။ မြို့ဂုဏ်ကျက်သရေနဲ့ ယာဉ် အန္တရာယ်အတွက် ထိုခိုက်လာနိုင်တယ်”ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းနမ္မတူလမ်းခွဲ (ဒေသအခေါ်အဝေါ်)ရှိ မီးပွိုင့်မှာ မီးပွိုင့်စနစ်များ တပ်ဆင်တပ်ဆင်ထားသော်လည်း မီးပွိုင့်စနစ်အလုပ်မလုပ်သောကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများရှိလာနိုင်သဖြင့်မီးပွိုင့်စနစ်အား ပြန်လည်အသုံးပြုရန် မြို့နေလူထုများနှင့်ကားသမားများမှ လိုလားလျှက်ရှိကြောင်း သိရသည်။

ချစ်ထွေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here