Friday, September 20, 2013

အစိုးရ သတင်းစာတိုက် ဆောက်လုပ်မည့် မြေနေရာ အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများ နေထိုင်သည့် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ရဲအင်အား ၆၀ ၀န်းကျင်ဖြင့် ညအချိန်မတော် ၀င်ရောက် စီးနင်းမှုတစ်ခု ဖြစ်ပွား

0 comments

 စက်တင်ဘာ ၁၉ ရက် နံနက် အစောပိုင်းက ၀ဲကြီးကျေးရွာတွင် ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်များကို
တွေ့ရစဉ်


စက်တင်ဘာ ၁၉ ရက် ည ၂ နာရီ ၀န်းကျင်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ညအချိန်မတော် ရဲအင်အား ၆၀ ၀န်းကျင်ခန့်ဖြင့် ၀င်ရောက်စီးနင်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ညအချိန်မတော် ရဲတပ်ဖွဲ့အင်အား ၆၀ ၀န်းကျင်ဖြင့် ၀ဲကြီး ကျေးရွာရှိ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးဇော်လတ်နေအိမ် အပါအ၀င် အိမ်ထောင်စု ငါးစုအား ၀င်ရောက် ဖမ်းဆီးခဲ့ရာ ရွာရှိ ရွာသူရွာသားများက မတရား ၀င်ရောက်ဖမ်းဆီး တုပ်နှောင်ခြင်းကို မခံမရပ်နိုင်ဖြစ်၍ ရဲအင်အား ၆၀ ကျော်နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၀ဲကြီးကျေးရွာရှိ ဒေသခံ တစ်ဦးထံမှ သိရသည်။

ဝဲကြီးကျေးရွာ ဒေသခံ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးဇော်လတ်က ''ကျွန်တော့် အိမ်ပေါ်ကို ၁ နာရီခွဲလောက်မှာ ရဲအယောက် ၃၀ လောက် အိမ်ပေါ်တက်လာတယ်။ တက်လာပြီး ကျွန်တော့်ခြင်ထောင်ကို လှန်တယ်။ ရဲ လေး၊ ငါး ယောက်ကလည်း ကျွန်တော့် လည်ပင်းကို ဖမ်းချုပ်ပြီး နင်းထားတယ်။ နင်းထားပြီးတော့ လက်ထိပ်ခတ်တယ်။ ကျွန်တော့် မိန်းမကိုလည်း ရဲ လေး၊ ငါးယောက် က ဖမ်းချုပ်တော့ အင်္ကျီပြဲ၊ ထဘီပြဲတွေ ဖြစ်ကုန်တယ်။ ကျွန်တော့်ရဲ့ ငါးတန်းကျောင်းသူ သမီးလေးကိုလည်း ပါးစပ်ပိတ်ပြီး ပါးရိုက် သွားတယ်။ အဲဒီမှာ ကျွန်တော့်မိန်းမ အော်တဲ့အတွက် လူတွေရောက် လာတဲ့အခါ ဧည့်ခန်းထဲ ၀င်တဲ့သူက ၀င်၊ အပေါက်တွေ ဆောင့်ကန်ပြီး ထွက်တဲ့သူက ထွက်သွားတယ်။ ကျွန်တော့်ကို ဘာကြောင့် ဖမ်းတာလဲ လို့မေးတော့ ဘာမှမပြောဘူး။ ကျွန်တော် တစ်ယောက်တည်းကို ဖမ်းဖို့ ရဲအယောက် ၃၀ လောက် တက်ဖမ်းစရာလား။ ဘာအပြစ်ရှိလို့၊ ဘာဝရမ်းနဲ့ ဖမ်းတာလဲ။ ကျွန်တော်က တရားခံပြေးလည်း မဟုတ်ဘူး။ ကျွန်တော့်ကို ဘာကြောင့်ဖမ်းတာလဲလို့ မေးတော့ ကျွန်တော့်ကို လည်ပင်းနင်းထားပြီး ဘာမှ ပြန်မဖြေဘူး'' ဟု ပြောကြားသည်။

ဝဲကြီးကျေးရွာနေ ဒေသခံ တစ်ဦးဖြစ်သူ ဦးတင်စိုးက ပြောကြားရာတွင် ''၁၉ ရက် မနက် ၅ နာရီလောက်မှာ ရဲမှူးလို့ပြောတဲ့ လူတစ်ယောက် လာပါတယ်။ နောက်ပြီး ရဲတွေကလည်း အများကြီးပဲ။ သေနတ်တွေ မောင်းတင်ပြီး မလှုပ်နဲ့။ လှုပ်ရင် ပစ်မယ်လို့ ပြောတယ်။ ကျွန်တော့်ကိုလည်း သေနတ်နဲ့ ချိန်ထားတယ်။ ကျွန်တော်က နိုင်ငံတော်ကို ပုန်ကန်တဲ့သူ မဟုတ်တဲ့အတွက် ပစ်ခွင့်ရှိတယ်ဆိုရင် ပစ်သတ်လိုက်ပါ။ အပြစ်ရှိတယ် ဆိုလည်း အပြစ်ရှိတဲ့သူကို ဖမ်းပါ။ အခုလို အချိန်မတော်ကြီးမှာ လာဖမ်းတဲ့အတွက် အသက်ငယ်တဲ့ ကလေးတွေနဲ့ လူကြီးတွေ အလန့်တကြား ဖြစ်ရပါတယ်။ ဖမ်းသင့်ဖမ်းထိုက်တယ် ဆိုရင်လည်း နေ့လယ်နေ့ခင်း လာဖမ်းပေါ့။ အခုလို လုပ်လိုက်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်'' ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က '' ဖြစ်စဉ်ဖြစ်သွား ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ရဲတပ်ဖွဲ့ အနေနဲ့ ပုဒ်မ ၆၁ တရားခံ လေးဦးကို ရွာထဲဝင်ဖမ်းတဲ့ အခါမှာ ရွာသားတွေက သူခိုး၊ ဓားပြ လို့အော်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကို ၀ိုင်းပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင် ခုနစ်ဦးလောက် ဒဏ်ရာရရှိသွားတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမှားလဲ၊ ဘယ်သူမှန်တယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး။ စုံစမ်းစစ်ဆေး ပြီးရင်တော့ မှားတဲ့သူတွေကို ဥပဒေအရ အရေးယူသွားမယ်။ အခု လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိတာနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်ထားပါတယ်'' ဟု အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ စက်တင်ဘာ ၁၂ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ သိမ်းဆည်းထားသည့် ၀ဲကြီး ကျေးရွာသားများ လုပ်ကိုင်ခဲ့သော လယ်မြေများကို မူလလယ်သမားများက ၀င်ရောက် ထွန်ယက်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၀ဲကြီးကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ၀န်းကျင်ခန့် နေထိုင်လျက်ရှိပြီး ယင်းဖြစ်စဉ်ကြောင့် ရွာသားငါးဦး ဒဏ်ရာရရှိသည်။ ရဲသုံးဦး ဒဏ်ရာရရှိသည့်အနက် တစ်ဦးမှာ ပြင်းထန်သည့် အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

Eleven Media Group


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here