Friday, September 20, 2013

င၀န် မြစ်ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ် သပြုဆိပ် လယ်သမားတာ ကျိုးပေါက်

0 comments

င၀န် မြစ်ရေကြီးမှုကြောင့် ဟင်္သာတ မြို့နယ် အင်္ဂရမ်း ကျေးရွာအုပ်စုရှိ သပြုဆိပ် လယ်သမား တာကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသော နှစ်ပေ ရေထုတ်ပြွန် ပျက်စီးမှုကို အချိန်မီ မထိန်းသိမ်း နိုင်ခဲ့ခြင်းကြောင့် တာကျိုးပေါက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သပြုဆိပ် တာဝိုင်းသည် လေးမိုင် ပတ်လည်ရှိပြီး ဂျောင်းစိန် ကျေးရွာအနီး မူလ ရေထုတ်ပြွန် နေရာတွင် စက်တင်ဘာ ၁၈ ရက်၊ ညဦးပိုင်းက တာကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁၉ ရက်တွင် တာကျိုးပေါက် အကျယ် ၃၅ ပေ အထိ ရှိလာကြောင်း သိရသည်။

တာကျိုးပေါက် မှုကြောင့် တာဝိုင်း အတွင်း စိုက်ပျိုးထားသည့် အင်္ဂရမ်း အုပ်စုနှင့် သမ္ဘရာတိုင်း အုပ်စုရှိ မိုးစပါးဧက ၃၆၀ ရေနစ်မြုပ်ခဲ့ပြီး ဖုံးတုံးလုံး တုံးအနှံထွက်စ အချိန်ဖြစ်သည့်အတွက် ပျက်စီးနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ တာဝိုင်းအတွင်း မည်သည့် အိမ်ခြေမျှ မရှိသည့်အတွက် အိမ်ခြေ ရေနစ်မြှပ်မှု မရှိခဲ့ကြောင်း သိရသည်။

''အခု ကျိုးပေါက်ခဲ့တဲ့ တာက ဆည်မြောင်းက ထိန်းသိမ်းတဲ့တာ မဟုတ်ပါဘူး။ တာဝိုင်းကို ရွာနှစ်ရွာက လယ်သမားတွေက ၀ိုင်းထိန်းပြီး ရေကင်းကိုလည်း သူတို့ပဲ စောင့်တာ ဖြစ်ပါတယ်။ တာကျိုးပေါက်ချိန်မှာ ကျွမ်းကျင်သူတွေကို အကြောင်းမကြားခဲ့တာကြောင့် အချိန်မီ စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သွားရောက် စစ်ဆေးခဲ့မှုအရ ရေတံခါးကတော့ ကောင်းမွန်ပါတယ်။ တာကျိုးပေါက်ကို ဆက်ပြီး မကျယ်အောင် ဆည်မြောင်းက နည်းပညာ ကျွမ်းကျင်သူတွေ ကူညီပေးနေပါတယ်'' ဟု ဟင်္သာတခရိုင် ဆည်မြောင်းမှ လ/ထညွှန်မှူး ဦးဝေလွင်က ပြောကြားသည်။

တာကျိုးပေါက်ချိန်၌ ဧရာဝတီမြစ်ရေသည် ဟင်္သာတ စိုးရိမ်ရေအမှတ်ထက် ၁ ဒသမ ၈၅ ပေ ကျော်လွန်နေပြီး င၀န်မြစ် ရေသည် မြို့ကွင်းစိုးရိမ်ရေ အမှတ်ထက် ၂ ဒသမ ၂ ပေ ကျော်လွန်နေချိန် ဖြစ်ကြောင်း သိရသည်။

သပြုဆိပ် လယ်သမားတာကို ၁၉၉၈-၉၉ ခုနှစ်က ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု တာကျိုးပေါက်ခဲ့သော နေရာတွင် ၂၀၁၀ အောက်တိုဘာ ၁၈ ရက်က တစ်ကြိမ် ကျိုးပေါက်ခဲ့ဖူးကာ ထိုစဉ်က လယ်မြေဧက ထိခိုက် ပျက်စီးမှုများ မရှိခဲ့ကြောင်း၊ ယခု၂၀၁၃ ခုနှစ် ဧရာဝတီမြစ်နှင့် င၀န် မြစ်ရေကြီးမှုသည် ၂၀၀၈ ခုနှစ် နောက်ပိုင်း စံချိန်တင် ရေကြီးမှုလည်း ဖြစ်ကြောင်း ဆည်မြောင်းမှတ်တမ်း များအရ သိရသည်။


ဟင်္သာတမြို့နယ် သပြုဆိပ် လယ်သမား တာကျိုးပေါက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်မျိုး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here