Tuesday, September 17, 2013

ရှေးအကျဆုံးနှစ်ပေါင်း (၁၂၆) နှစ်ခန့် သက်တမ်းရှိသော သရက်ဂေါက်ကွင်း

0 comments

မြန်မာနိုင်ငံကို အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးတွင် သရက်မြို့ သည် အင်္ဂလိပ်ပိုင်နက်ထဲ ကျရောက်သွားခဲ့သည်။ သရက်နှင့် ဆင်ပေါင်ဝဲကြားရှိ ဒဂုံမော်ကျေးရွာသည် အင်္ဂလိပ်နှင့် မြန်မာပိုင်နက်၏ နယ်ခြားမှတ်တိုင်ဖြစ်လာသည်။ အင်္ဂလိပ်အစိုးရသည် ၁၈၈၇ ခုနှစ် တွင် သရက်ဂေါက်ကွင်းကို စတင်ဖောက်လုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ထိုဂေါက်ကွင်းသည် သရက်မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာ၌ ရှိသည်။ မြန်မာနိုင်ငံ ဂေါက်ကွင်းအစ သရက်မြို့က စခဲ့ပါသည်။ သရက်မြို့ ဂေါက်ကွင်းသမိုင်း၏ အဆိုအရ ၁၈၈၇ ခုနှစ်တွင် အမှတ်(၁၁) ဘင်္ဂလားခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးဗိုလ်မှူးကြီး ဆင်ဖို့စ်၊ လျှပ်စစ်အင်ဂျင်နီယာ ဗိုလ်ကြီးရစ်ချတ်ဆာဝဲလ် တို့ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။ သရက်ဂေါက်ကွင်းသည် ကိုးကျင်းဖြစ်ပြီး အပြန်အလှန်ကစားခြင်းဖြင့်စုစုပေါင်း ၆၉၂၅ ကိုက်ရှည်သည့် ဂေါက်ကွင်းဖြစ်သည်။ ကွင်း၏ သတ်မှတ်ရိုက်ချက် ၇၂ ချက်ဖြစ်သည်။ သရက်ဂေါက်ကွင်း၌ ၁၉၁၁ ခုနှစ်မှစ၍ ဗိုလ်ကြီးအာကဲဆော (IMS) က ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်အထိ ၂၄ ဦးရှိပြီဖြစ်သည်။ သရက်ဂေါက်ကွင်းသည် အခြားဂေါက်ကွင်းများနှင့် မတူဘဲ Fair Way အနိမ့်အစောင်းများ၊ Fair Way လေစုန်၊ လေဆန်ရိုက်ချက်များ၊ သဲကျင်းဘန်ကာများ၊ အတားအဆီးများ စနစ်တကျဖွဲ့စည်းထားကြောင်း သိရသည်။ သရက်ဂေါက်ကွင်းကို Century Golf Thayet The Older Golf Course in Myanmar ဟုခေါ်တွင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဂန္ထဝင်မြောက်ထင်ရှားသော ဗြိတိန်နိုင်ငံ စကော့တလန်မြောက်ပိုင်းရှိ St. Andrew Golf Course သည် မြန်မာနိုင်ငံသရက်မြို့ရှိ Thayet Golf Club နှင့် မိတ်ဆွေညီ အစ်ကိုတော် Affiltated Club တို့ မိတ်ဆွေညီအစ်ကိုတော်အဖြစ် အသိအမှတ်ပြုခြင်း ခံရသည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ ဂေါက်သီးအကျော်အမော် ဦးမြအေးနှင့် ဦးချမ်းဟန်တို့ သရက်ဂေါက်ကွင်းသို့ လာရောက်ကစားဖူးသည်။ ဦးချမ်းဟန်က သရက်ဂေါက်ကွင်းသည် ဂေါက်သီးသမားတိုင်း၏ စိတ်ကြိုက်ဂေါက်ကွင်းဖြစ်ကြောင်း၊ မြန်မာဂေါက်သီးသမားတိုင်း အလေးဂရုပြုရသော ဂေါက်ကွင်းတစ်ကွင်းဖြစ်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။ သရက်ဂေါက်ကွင်း The Older Golf Course in Myanmar သို့ ကမ္ဘာအရပ်ရပ်က ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ရာသီမရွေး ဧရာဝတီမြစ်အား ရေစုန်၊ ရေဆန်စင်းလုံးငှား သင်္ဘောများဖြင့် သရက်မြို့သို့ ရောက်ရှိလာပြီး ခရီးတစ်ထောက်နားကာ ဂေါက်သီး ကျင်းစိမ်ကစားခြင်း၊ အသင်းဝင်ခြင်း၊ အမှတ်တရဓာတ်ပုံ ရိုက်ခြင်း၊ ဦးထုပ်၊ အင်္ကျီ၊ ရင်ထိုး၊ တံဆိပ်များ ဝယ်ယူကြကြောင်း သိရသည်။ သရက်ဂေါက်ကွင်းနှင့် St. Andrew Golf Course တို့သည် တစ်သင်းနှင့် တစ်သင်း အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြင့် အပြန်အလှန်သွား ရောက်ကစားနိုင်ပြီး Green Fees ပေးစရာမလိုဟု ဂေါက်သီးသမားတစ်ဦးက ပြောသည်။ ထိုသို့သော ထူးခြားသည့်အခွင့်အရေးများသည် သရက်ဂေါက်ကလပ် အသင်းဝင်များအတွက် ဂုဏ်ယူစရာကောင်းသော အခွင့်ထူးများဖြစ်သည်။
(မကွေးလှမြင့်)
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here