Tuesday, September 17, 2013

ရတနာပုံ တက္ကသိုလ် စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင် ရေ၀င်နစ်မြုပ်

0 comments

ရေနစ်မြုပ်မှုကြောင့် ရတနာပုံ တက္ကသိုလ်သို့ သွားသည့် လမ်းပေါ်တွင်ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ ရတနာပုံ တက္ကသိုလ် စာမေးပွဲများ စတင်ဖြေဆိုသည့် စက်တင်ဘာ ၁၆ ရက်တွင် ကျောင်းဝင်း အတွင်းအပြင်လမ်းများ ရေ၀င်နစ်မြုပ်မှုကြောင့် နာရီများစွာ ယာဉ်ကြောပိတ်
ဆို့ခဲ့ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တောင်သမန်အင်း ရေလျှံမှုကြောင့် အင်းအနီး ၀န်းကျင်ရှိ ကျေးရွာများရေ၀င်နစ်မြုပ်ကာ ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကျောင်းအ၀င်အထွက် လမ်းများအထိ ရေ၀င်နစ်မြုပ်ခဲ့မှုကြောင့် ရတနာပုံ တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်း နို့ချက်လမ်းမှ အ၀င်အထွက် ပြုလုပ်ရန် အသိပေး
ထားကြောင်း သိရသည်။

''စာမေးပွဲဖြေဖို့ မနက်က ကျောင်းသွားတော့ လမ်းတွေပိတ်နေလို့ ဆိုင်ကယ် မောင်းလို့ရတဲ့ နေရာအထိပဲဝင်ပြီး အမြန်လမ်းမကြီး ခုံးတံတား နေရာကနေ ကျောင်းကို လမ်းလျှောက်သွားရတယ်။ တစ်နာရီလောက် လမ်းလျှောက်ပြီးမှ စာမေးပွဲ အခန်းထဲကို ရောက်တယ်။ အခန်းထဲရောက်တော့ နောက်ကျနေပြီ'' ဟု မြန်မာစာ အဓိက ကျောင်းသား
တစ်ဦးက ပြောကြားသည်။

''မနက်က ပြောသလောက် မဆိုးသေးဘူး။ အ၀င်ပဲရှိတယ်။ နေ့လယ်ပိုင်းရောက်တော့ မနက်ပိုင်းဖြေပြီး ပြန်လာတဲ့ သူတွေနဲ့ နေ့ခင်းပိုင်း ဖြေဖို့လာတဲ့ သူတွေနဲ့ လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေနဲ့ အကုန် ကျပ်ပိတ်ကုန်တယ်။ ကျောင်းသူ တချို့ဆိုရင် ဆက်မတိုးဘဲ ထိုင်ငိုနေတာတောင် တွေ့ရတယ်'' ဟု ပထမနှစ် ဇီဝဗေဒ ကျောင်းသားတစ်ဦးကပြောကြားသည် ။ ရတနာပုံ တက္ကသိုလ်ကျောင်းသို့ အ၀င်အထွက် နှစ်လမ်းရှိရာတွင် တောင်မှမြောက်သို့ ဖောက်လုပ်ထားသည့် အင်းပတ်လမ်းတွင်
ရေကျော်နေမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုရန် ယာယီတားမြစ် ထားကြောင်း သိရသည်။

''အင်းပတ်လမ်းက သွားလို့မရတော့ဘူး။ ဆိုင်ကယ်မြုပ်လု နီးနီးကို ရေကလမ်းပေါ် ကျော်နေပြီ။ အ၀င်အထွက် တစ်လမ်းပဲရှိတော့ ပိုဆိုးတာပေါ့။ အခုလိုလမ်းမှာ ခက်ခက်ခဲခဲ စိတ်ညစ်ခံပြီး စာမေးပွဲခန်းထဲ ရောက်အောင် သွားတော့လည်း ဘယ်လိုစိတ်နဲ့ စာမေးပွဲ ဖြေကြမလဲ'' ဟု ကျောင်းကြိုပို့ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး ကားလမ်း နို့ချက်လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုမှာနှစ်နာရီကျော် သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကလည်း ယင်းကဲ့သို့တောင်သမန်အင်း ရေလျှံမှုကြောင့် ကျောင်းဝင်း အတွင်းအပြင် လမ်းများ
ရေ၀င်နစ်မြုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here