Monday, September 16, 2013

နေအိမ်အကျယ်ချုပ် ကျစဉ်ကတည်းက နှစ်စဉ်ဖိတ်ကြား ခံခဲ့ရသည့် Forum 2000 ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်

0 comments
16.9.2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားနေအိမ်အကျယ်ချုပ် ချထားစဉ်ကတည်းက နှစ်စဉ်ဖိတ်ကြား ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့သော Forum 2000 ဆွေးနွေးပွဲအား ယခုနှစ် (၁၇) ကြိမ်မြောက်တွင် ပထမဆုံး အကြိမ်အဖြစ် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လေ့လာရေး ခရီးစဉ်အဖြစ် အရှေ့ဥရောပ သုံးနိုင်ငံအား လေ့လာရာတွင် ချက်ပြည်သူ့ သမ္မတနိုင်ငံသည် နောက်ဆုံးနိုင်ငံဖြစ်ပြီး ချက်ပြည်သူ့ သမ္မတနိုင်ငံ ပရပ်မြို့တွင် ကျင်းပသည့် Forum 2000 ဆွေးဆွေးပွဲအား စက်တင်ဘာ ၁၅ ရက်တွင် စတင်တက်ရောက်ခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Forum 2000 ဆွေးနွေးပွဲ တက်ရောက်ဖို့ နှစ်စဉ်နှစ်တိုင်း ဖိတ်ကြားခဲ့ပါတယ်။ သူမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာ ဖိတ်ကြားခဲ့ခြင်းဟာ သာမန်ပြယုဂ် တစ်ခုလို့သာ ဆိုနိုင်ပေမယ့် ဒါဟာသူမရဲ့ ဒီမိုကရေစီ တိုက်ပွဲနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှု ဖော်ထုတ်တဲ့ လုပ်ရပ်တွေကို ထောက်ခံကြောင်း ပြသမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် နိုဘယ်လ်ဆုပေးဖို့ ရွေးချယ်ရာမှာ သူမကို ထည့်သွင်းခဲ့တဲ့ သမ္မတဟေဗယ် အနေနဲ့ ဒီဆွေးနွေးပွဲကို သူမတက်ရောက်လာတာကို တွေ့မြင်ရရင် ၀မ်းသာမှာပါ" ဟု Forum 2000 ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Jakub Klepal က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၌ ထိုစဉ်က ချက်သမ္မတဟေဗယ်မှ ဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခများ လျော့ကျရေးနှင့် လူမှုအဖွဲ့အစည်းများအား ထောက်ပံ့ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ချက်သမ္မတဟောင်း ဟေဗယ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ကွယ်လွန်ခဲ့သည်။

သတင်းကြေညာချက် တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က "တူညီတဲ့ တန်ဖိုးတွေကို မျှဝေခံစားခဲ့တဲ့ မိတ်ဆွေတွေထက် ပိုကောင်းတဲ့မိတ်ဆွေဆိုတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွယ်လွန်သွားတဲ့ ချက်သမ္မတဟောင်း ဟေဗယ်နဲ့ ကျွန်မတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တောင့်တခဲ့ကြပါတယ်။ ဒီအချက်ကြောင့် ဝေးကွာနေတဲ့ ကျွန်မတို့နှစ်ဦးဟာ ခင်မင်တဲ့မိတ်ဆွေတွေ ဖြစ်လာပါတယ်" ဟု ပြောကြားသည်။

ယခုနှစ်တွင် အဆိုပါ ဆွေးနွေးပွဲအား ဒီမိုကရေစီ ပြယုဂ်များဖြစ်သည့် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အမေရိကန်အဆိုတော် ဂျိုအန်ဘတ်နှင့် လူဖြူလူမည်း ခွဲခြားမှုကို အဆုံးသတ်ပေးခဲ့သည့် တောင်အာဖရိက သမ္မတဟောင်း ဖီဒရစ်ဝီလီယံဒီကလပ်တို့လည်း တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်၏ ဒုတိယနိုင်ငံအဖြစ် ဟန်ဂေရီနိုင်ငံ Budapest မြို့သို့ ရောက်ရှိစဉ်က "အရှေ့ဥရောပနဲ့ ဥရောပ အလယ်ပိုင်း နိုင်ငံတွေဟာ အခြားသော ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေထက်ပိုပြီး ကျွန်မတို့ကို အကူအညီ ပေးနိုင်တယ်ဆိုတာ သတိထားမိပါတယ်။ ဒါဟာ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ ကျွန်မတို့ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် မလုပ်ပေးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို မဖြတ်သန်းခဲ့ရပါဘူး။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အုံကြွမှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်း နိုင်ငံတွေဟာ ကျွန်မတို့ရဲ့ ဥပမာကိုယူပြီး ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျွန်မတို့နိုင်ငံထက်ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here