Friday, September 13, 2013

စစ်ကြောင်း(၅) ကြောင်းဖြင့် TNLA အား ပြင်းထန်စွာ စစ်ဆင်လာ

0 comments
ပြီးခဲ့သည့် စက်တင်ဘာ (၁၁) ရက်နေ့ ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ အနီး နမ့်ဟွန်းချောင်းတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် အစိုးရ စစ်ကြောင်း (၅) ကြောင်းသည် ထိုနေရာသို့ ပိုက်စိပ် တိုက် စစ်ဆင် လာခဲ့ခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ  အထွေထွေ အတွင်းရေးမှူး  ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။ 
“ အထိနာ သွားတော့ အဲဒီနေရာကို စစ်ကြောင်း (၅)ကြောင်းနဲ့ ပိုက်စိပ် တိုက်ပြီး ကျနော်တို့ ရှိနိုင်မဲ့ နေရာတွေကို လိုက်ရှာ နေကြတယ်။ ဒေသခံ စစ်ကြောင်း တွေပါဘဲ။ အခြေအနေ ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်မဲ့ အလားလာတော့ ရှိနေတယ်” ဟုဆိုပါသည်။
ယင်းအစိုးရတပ် စစ်ကြောင်း များသည် ကွတ်ခိုင်မြို့နယ် အခြေစိုက် ခလရ (၄၅)၊ ခလရ (၂၄၁)၊ ခလရ (၂၄၂)၊ နမ့်ဖက်ကာ အခြေစိုက် ခလရ (၁၂၃) နှင့် တာမိုးညဲမြို့နယ် အခြေစိုက် ခလရ (၂၉၀) တပ်ဖွဲ့တို့မှ စစ်ကြောင်းများ ဖြစ်ပါသည်။ ယင်းတို့သည် အထိနာ သွားခဲ့သော စက်တင်ဘာ (၁၁) ရက်န့ နေ့လည် (၂) နာရီမှ ၃ နာရီခွဲ အထိ ဖြစ်ပွားသော TNLA နှင့် ခလရ (၄၅) တပ် ဖွဲ့တို့၏ တိုက်ပွဲကြောင့်  ပိုက်စိပ် တိုက်လာခြင်း ဖြစ်ပါသည်။
http://www.burmese.phophtawnews.org/index.php/news/internal-news/item/712-tnla.html
TNLA တပ်ရင်း (၁၁၂) သည် ယင်းလှုပ်ရှားမှုကို တန်ပြန်ရန် မရှိသေးဟု ဆိုပါသည်။ စစ်ဆင်မှုများသည် အချိန်ကြာမြင့် လာပါက အစိုးရ တပ်များသည် လူထုအပေါ် လူ့အခွင့်အရေးများ ချိုးဖေါက် လာဖွယ်ရာ စိုးရိမ် နေရကြောင်း ဆိုပါသည်။ အထူးသဖြင့် ရွာသားများအား ရိုက်နှက်မှု၊ တဖက်သတ် စွပ်စွဲပြီး ပစ်သတ်မှု၊ သွားလာရေးတွင် ကျေးရွာများအား ကန့်သတ် လာမှုများ လုပ်လေ့ လုပ်ထ ရှိသည့် အတွက် စိုးရိမ် ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ယင်းတိုက်ပွဲတွင် အစိုးရ ဖက်မှ (၁၀) ကျော် ကျဆုံးပြီး (၂၀) ကျော် ပြင်းထန်စွာ ဒဏ်ရာ ရသဖြင့် TNLA အား တန်ပြန် တိုက်ခိုက်ရန် စစ်ဆင် နေခြင်း ဖြစ်ပါသည်။ TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့သည် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် အရ ကွတ်ခိုင်မြို့ နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ ဖက်သို့ သွားရောက် လှုပ်ရှား ခဲ့ခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုကို ခလရ (၄၅) တပ်ဖွဲ့သည် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်းပြီး နောက်ယောင်ခံ လိုက်နေခြင်းမှ တိုက်ပွဲ ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပါသည်။
TNLA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးအတွက် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ ဤအစီစဉ်၏ နောက်ဆက်တွဲ အစီစဉ်အရ သြဂုတ် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံပြီး ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးရန် မူလက စီစဉ် ထားသော်လည်း အစိုးရတပ်ဖွဲ့ များ၏ နောက်ယောင်ခံ လိုက်ခြင်းနှင့် လိုက်လံ စစ်ဆင်မှုများ ဆက်လက် ရှိနေခြင်းကြောင့်  ယနေ့အထိ တွေ့ဆုံ နိုင်ခြင်း မရှိသေးကြောင်း TNLA ဖက်က ဆိုပါသည်။


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here