မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်၍ ရွာအတွင်းလှည့်လည် အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို စစ်ဆေး၍ လူဝတ်လဲ အရေးယူခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သော ညောင်ပင်သာကျေးရွာ၏ ရာအိမ်မှူး ဦးမောင်ပြည့်က The Voice သို့ ပြောကြားသည်။
ယင်းသို့ သောက်စားမူးယစ်၍ အလှူခံခဲ့သည့် သင်္ကန်းဝတ်နှစ်ဦးကို အဆိုပါ ကျေးရွာ၏ ကျောင်းထိုင်ဆရာတော် ဦးဇောတိကက ခေါ်ယူစစ်ဆေးသည့်အခါ ယင်းပုဂ္ဂိုလ်များ၌ သာသနာဝင်အမှတ် ကိုင်ဆောင်ထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပြီး အလှူခံထားသည့် ငွေ ၃၉၅၀ကျပ် ကိုလည်း တွေ့ရှိရကြောင်း ၄င်းက ပြောကြားသည်။
"ရွာထဲမှာ အလှူခံရင် အုပ်ချုပ်ရေးမှူး ရုံးနဲ့၊ သက်ဆိုင်ရာ ရွာခံဘုန်းတော်ကြီး ကျောင်းကို အသိပေးရတဲ့ထုံးစံ ရှိပါတယ်။သူတို့ နှစ်ဦးလုံးက ဘာမှ အသိပေးတာ မရှိဘူး။ ညောင်ပင်သာရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးဇောတိက ခေါ်မေးတဲ့အခါမှာ သူတို့က အရက်မူးနေတယ်။ အရင်ကလည်း သူတို့ရွာထဲမှာ အလှူခံ လာဖူးတယ်လို့ ရွာခံလူတွေက ပြောတယ်။ ဒါနဲ့ သက်ဆိုင်ရာကို လှမ်းအကြောင်းကြားတယ်။ စစ်ဆေးတယ်။ လူဝတ်လဲခိုင်းပြီး အရေးယူခဲ့တယ်" ဟု ၄င်းကဆိုသည်။
အဆိုပါ သင်္ကန်းဝတ်နှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ခံဘူးကျေးရွာရှိ ရဟန်းအမည် ဦးနေမိန္ဒ (လူအမည် မောင်မောင်ကျော်) အသက် ၅၁ နှစ်၊ သုံးဝါနှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရေပေါင်းစုံကျေးရွာရှိ ရဟန်းအမည် ဦးဇောတိပါလ (လူအမည် ဉာဏ်ထွန်း)အသက် ၆၈ နှစ်၊ သုံးဝါတို့ ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးကို မိတ္ထီလာမြို့နယ် သာသနာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဌေး ပါဝင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ ရှေ့တွင် သိက္ခာချ လူဝတ်လဲစေ၍ သာသနာညှိုးနွမ်းအောင် ပြုလုပ်မှုဖြင့် မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် (၅၇/၂၀၁၃) ပုဒ်မ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
Friday, September 13, 2013
Subscribe to:
Post Comments (Atom)