Sunday, September 30, 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြော

0 comments

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

လင်းသန့်-
 
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။ 

 မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ 

“သူမ အနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့် အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ”လို့ ဦးသိန်းစိန် က ပြောခဲ့တာပါ။ 

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းပုံပြင်ရေးမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသေး တဲ့အတွက် ဖွဲ့စည်း ပုံပြင်ဆင်ရေးမှာ စစ်တပ် မပါရင်မရပါဘူး။

စစ်တပ်အနေနဲ့ကလည်း မြန်မာ့နိုင်ငံရေးရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ဆက်ရှိနေမယ့် သဘောလည်း သူက ပြောသွားခဲ့ပါသေးတယ်။ 

တချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကို နှစ်ပေါင်းများစွာ စစ်အာဏာရှင်အောက် မှာနေခဲ့ရတဲ့အပေါ် ခင်ဗျားအနေနဲ့ နောင်တမရဘူးလားလို့ ဦးသိန်းစိန်ကိုမေးတဲ့အခါမှာလည်း ဦးသိန်းစိန် က အစိုးရရော၊ အတိုက်အခံတို့ရော ဟာ ကိုယ်ယုံကြည်ရာကို လုပ်ဆောင်ခဲ့ကြတာဖြစ်ကြောင်း၊ နိုင်ငံတိုင်း မှာလည်း ဒီလိုပဲ ရှိတတ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် အခုလက်ရှိအခြေအနေမှာလည်း ပြည်သူက ရွေးချယ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ်၊ တရား ဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌလည်းဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲလုပ်ဆောင်နေပြီး ပုဂ္ဂိုလ်ရေး ပြဿနာလည်း မရှိဘူးလို့ ပြောပါတယ်။ 

 “မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ပြသနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါ တယ်” လို့ ဦးသိန်းစိန်က ဆိုပါတယ်။ 

သမ္မတ ဦးသိန်းစိန်က ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဂုဏ်ပြုစကား ပြောခဲ့ပါသေးတယ်။ 

“ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် သာမက ယခု အခါ မှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီ ရက်သတ္တ ပတ် အတွင်းမှာတော့ သူ့အနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူ့ရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေ ရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရ တာတွေကိုလည်း မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းမှာ ပြောဆိုသွားခဲ့တာပါ။ 


အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေခိုက် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းစကားများမှာ လက်ရှိ ပြုပြင်ပြောင်းလဲမှုများဟာ ဦးသိန်းစိန် ဦးဆောင်မှုနဲ့ဖြစ်လာပြီး မြန်မာနိုင်အပေါ် အမေရိကန်က ချမှတ် ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ဖယ်ရှားပေးဖို့လည်း တိုက်တွန်းစကား ဆိုခဲ့ပပါသေးတယ်။ 

သမ္မတ ဦးသိန်းစိန် အမေရိကန် နယူးယောက်မြို့ကို ရောက်တဲ့နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ The Mark ကို သွားရောက်တွေ့ဆုံခဲ့ပြီး မောင်ရင်းနှမလို တွေ့ဆုံနုတ်ဆက်ခဲ့ပါသေးတယ်။  

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကို ဘေဧရိယာ ရှိ မြန်မာ မိသားစုဝင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here