ရှမ်းပြည်နယ်မြောက်ပိုင်း
တန့်ယန်းမြို့နယ်တွင် မတ်လကုန်ခါနီးက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တန့်ယန်း
မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံရွာသူရွာသား မိသားစုဝင်အချို့ မှာ အေပြီ (၅)ရက်
နေ့မှစ၍ နေရပ်ရွာများသို့ ပြန်သွားကြသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
“တန့်ယန်းမြို့အောင်မင်္ဂလာဘုန်းကြီးကျောင်းထဲမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသူ/ရွာသားဦးရေက တစ်ထောင်ကျော်
လောက်ရှိတယ်။ မနေ့ကတော့ ရွာသားအချို့ သူတို့ရွာတွေကို ပြန်သွားကြတယ်။ လူကြီးတွေရော
အသက်(၁၆) နှစ်အထက် လူငယ်တွေနဲ့ ကလေးတွေလည်း ပါတယ်။ ခန့်မှန်းခြေကတော့ (၁၅၀)လောက် ပြန်သွားတယ်။
ကျန်တဲ့ ရွာသူ/ရွာသားတွေကိုတော့ ဒီဘုန်းကြီးကျောင်းမှာဘဲ ဆက်ပြီးစောင့်ရှောက် ထားပါတယ်”
ဟု အောင်မင်္ဂလာဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါးက ပြောပြ သည်။
တန့်ယန်းမြို့ပေါ်မှ
လွယ်ကြီးကျေးရွာ၊ မိုင်းကောင်ကျေးရွာ၊ ဟိုပန်ကျေးရွာများသို့ ပြန်သွားကြသော ဒေသခံ မိသားစုများမှာ
ရွှေဖီခူးချိန်ဖြစ်နေ၍ ရွှေဖီခူးရန် ပြန်သွားကြသည်ဟု သိရှိရသည်။ အေပြီ(၃)ရက်နေ့က လားရှိုးမြို့၌
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့
အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ဆွေးနွေးခဲ့ကြသည်ဟု ကြားသိရသဖြင့် နေရပ်သို့ ယုံကြည် စွာ
ပြန်သွား ကြခြင်းဖြစ်သည်ဟု သိရသည်။ အချို့မှာ တိုက်ပွဲများလုံးဝမဖြစ်တော့မှသာ နေရပ်သို့ပြန်ရဲ ကြမည်ဟု
တန့်ယန်းမြို့ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ နေထိုင်လျက်ရှိသော ထွက်ပြေးတိမ်းရှောင် ရွာသားတစ်ဦးက
ပြောပြသွားခဲ့သည်။