Wednesday, October 23, 2013

ရခိုင်ပြည်နယ် လွှတ်တော်တွင် ကော်မရှင်ဖွဲ့ စစ်ဆေးခြင်း ခံနေရသော ပြည်နယ်တရားသူကြီး ဒေါ်စီစီအား သမ္မတက တာဝန်မှ အနားယူခွင့်ပြု

0 comments
Wednesday, October 23, 2013 

လာဘ်ငွေယူကာ အာဏာအလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ် လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ၎င်း၏သဘော ဆန္ဒအလျောက်ဟုဆိုကာ အောက်တိုဘာ ၂၂ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် တရားသူကြီး ဒေါ်စီစီမှာ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံတော် သမ္မတ၏ အမိန့်အရ ခန့်အပ်တာဝန် ပေးထားသူဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၂၆ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်၊ သတ္တမပုံမှန် အစည်းအဝေး၌ ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စဖြင့် ငွေလိမ်သူ တစ်ဦးအား လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု ပြည်သူများ၏ တင်ပြမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့မှ ဒေါ်မသန်းတင်ဆိုသူက ဆန်စပါး ရောင်းဝယ်ရာတွင် ကျပ်သိန်း ၄၃၀၀ ကျော်ကို လိမ်လည်ခဲ့သည်ဆိုကာ ဒေသခံ ၉၀ ကျော်က မြို့နယ်တရားရုံး၌ တရားစွဲဆိုစဉ် ပြည်နယ်တရားသူကြီး ဒေါ်စီစီက လာဘ်ငွေယူ၍ အမှုကို ပယ်ချခဲ့သည်ဟု တရားလိုများဘက်က ပြည်နယ်လွှတ်တော်သို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော် အနေဖြင့် အဖွဲ့ဝင် ငါးဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ကို ဖွဲ့စည်းစစ်ဆေး ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ် အရေးယူခြင်း မရှိဘဲ ရာထူးမှ နုတ်ထွက်ခွင့် တင်သွင်းလာခြင်းများအပေါ် ခွင့်ပြုခဲ့ခြင်းအား အစိုးရသစ် လက်ထက်တွင် မကြာခဏ ပြောကြားနေသည့် Clean Government, Good Governance ဆိုသော သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဆိုသည့် စကားအပေါ် ဝေဖန်မှုများ ရှိနေသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်ကလည်း လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် အဆိုပါ ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအား ၎င်း၏သဘောဆန္ဒ အလျောက်ဟုဆိုကာ သမ္မတ၏ အမိန့်ဖြင့် ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here