Monday, October 14, 2013

ကျောင်းကုန်းမှ နေအိမ်အများစုသာသနာ့အလံလွှင့်ထူနေ၍ လုံခြုံရေးရုပ်သိမ်းမရဖြစ်နေ

0 comments


Monday, October 14, 2013

ပဋိပက္ခများဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ရှိ အိမ်တိုင်းနီးပါးမှာ ယခုရက်ပိုင်း အတွင်း သာသနာ့အလံများ လွှင့်ထူထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့၌ အောက်တိုဘာလလဆန်းပိုင်းက အရွယ်မရောက်သေးသည့် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခံရသည်မှ အစပြု၍ လူစုလူရုံးများဖြစ်ပေါ်ခဲ့ပြီး နေအိမ် အချို့ဖျက်ဆီးခံရမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခု အခါကျောင်းကုန်းမြို့ အိမ်တိုင်းနီးပါး၌ ဘာသာရေးအလံများ လွှင့်ထူထားခြင်းဖြစ်သည်။

“ရပ်ကွက်လုံးကျွတ် အလံထောင်သလိုတွေ လုပ်ကြတော့ အခုကျောင်းကုန်းမြို့မှာက ဖွေးဖွေးလှုပ် အလံတွေ ထောင်နေကြတာ အိမ်တိုင်း လိုလိုပဲ”ဟု ကျောင်းကုန်း ဗောဓိကုန်းရပ်ကွက်နေ မယမင်းသူက ပြောသည်။

ယခုအခါကျောင်းကုန်းမြို့၌ အခြေအနေအရပ်ရပ် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး ဘာသာခြား တို့၏ ဈေးဆိုင် များလည်း ပုံမှန် အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကာ လုံခြုံရေးကို လည်းကျောင်းကုန်းမြို့ခံ ရဲတပ်ဖွဲဝင်များအပြင် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ဝင် အင်အား(၄၀၀)ခန့်က လုံခြုံရေးရယူထားကြောင်းသိရသည်။

“အဲ့ဒီလိုအလံတွေထောင်တာတွေ ရှိနေတော့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်ရုပ်သိမ်းလို့ မရသေးဘူး ၊ပြစ်ဒဏ်ကျူးလွန်တဲ့သူတွေကို အမြန်ဆုံးတရားရုံးကို ရောက်ရှိ ဆုံးဖြတ်နိုင်မှ ဖြစ်မယ်”ဟု ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ကျောင်းကုန်းမြို့၌ လုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုအခါမြို့တွင်းအခြေအနေများအေးချမ်းနေပြီဖြစ်သော်လည်း ကျောင်းကုန်းမြို့တွင်း ပဋိပက္ခများစတင်ဖြစ်ပွားစေခဲ့သည့် အသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်အား အဓမ္မကျူးလွန်သည်ဟုစွပ်စွဲခံထားရသူကို ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ရဲတပ်ဖွဲ့မှ လုပ်ဆောင်ချက်များနှောင့်နှေးနေမှုကြောင့် မလိုလားအပ်သည့် ပဋိပက္ခများထပ်မံဖြစ်ပေါ် လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ကျောင်းကုန်းမြို့ခံအချို့က ဆိုသည်။

“ အခုလို သာသနာ့အလံလွှင့်ထူတာက အဖွဲ့အစည်းတစ်ခုခုရဲ့ ပတ်သက်မှုနဲ့ မကင်းဘူးလို့မြင်တယ်” ဟု ရန်ကုန်ရောက် ကျောင်းကုန်းမြို့ခံတစ်ဦးက သာသနာ့အလံလွှင့်ထူမှုအပေါ် ၄င်း၏ အမြင်ကိုပြောသည်။

ကျောင်းကုန်းမြို့မှ အရွယ်မရောက်သေးသူမိန်းကလေးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်ဦးလှဝင်းဆိုသူကို ဖမ်းဆီးကာ ပုသိမ် ထောင်သို့ ပို့ဆောင်ထားပြီး တရားရုံးသို့တင်ပို့နိုင်ရေးဆောင်ရွက်လျက် ဆူပူစေရန်လှုပ်ရှားခဲ့သူ(၅)ဦးကိုလည်း ကျောင်းကုန်း ရဲစခန်းက (ပ) ၉၁/၂၀၁၃၊ လက်နက် ကိုင်ဆောင်မှု ပုဒ်မ၁၉(င)ဖြင့် အရေးယူထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ကျောင်းကုန်းတွင်ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့်နေအိမ် နှစ်လုံး၊နွားတင်းကုပ်(၂)လုံးဖျက်ဆီးခံခဲ့ရပြီး

 ကျောင်းကုန်းမြို့ အစ္စလာမ်သင်္ချိုင်း အတွင်းမှ ဇရပ်တစ်ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုအခါကျောင်းကုန်းမြို့ရှိ အစ္စလာမ်ဘာသာဝင် နေအိမ်(၁၇၃)လုံးနှင့် ဗလီနှစ်လုံးကို လုံခြုံရေး တင်းကျပ်စွာချထားပြီး ပဋိပက္ခများထပ်မံဖြစ်ပွားအောင် လုပ်ဆောင်သူများ ကို ပြင်းထန်စွာ အရေးယူမည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

Myit Ma Kha Media Group.


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here