Monday, October 7, 2013

ကုန်သွယ်လုပ်ငန်းခွန်သည် အစိုးရ လုပ်ငန်းများပင် မလွတ်ဘဲပေးဆောင်ရပြီး လိမ်လည်တိမ်းရှောင်ထိမ်ချန်ထားပါကမည်သူ့ကိုမဆိုပြန်ကောက်နိုင်ကြောင်း ဥပဒေတွင် အခိုင်အမာ ဖော်ပြ

0 comments

Monday, October 7, 2013

ကုန်သွယ်လုပ်ငန်းခွန်သည် အစိုးရ လုပ်ငန်းများပင် မလွတ်ဘဲပေးဆောင်ရပြီး လိမ်လည်တိမ်းရှောင် ထိမ်ချန်ထားပါက မည်သူ့ကိုမဆို ပြန်ကောက်နိုင်ကြောင်း ဥပဒေတွင် အခိုင်အမာ ဖော်ပြ၊ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် မပါဝင်သော ရုပ်သံလိုင်းနှစ်ခု၏ အခွန်ပေးဆောင်နိုင်မှု ပမာဏကို ခန့်မှန်းတွက်ချက်ပါက အခွန်ရှောင်နေမှုများ၏ ပမာဏကို သိရှိနိုင်

သတင်းဆောင်းပါး

ကုန်သွယ်လုပ်ငန်းခွန်သည် အစိုးရ စီးပွားရေး လုပ်ငန်းများပင် မလွတ်ဘဲ ပေးဆောင်ရသည့် အခွန်ဖြစ်ပြီး အကယ်၍ မပေးဆောင်ဘဲ လိမ်လည်တိမ်းရှောင် ထိမ်ချန်ထားသည် ဆိုပါက မည်သူကိုမဆို စစ်ဆေးကာ ပြန်လည်ကောက်ခံခွင့်ရှိကြောင်း လက်ရှိတည်ဆဲ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၌ အခိုင်အမာ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ အခန်း (၁) တွင် အခွန်ထမ်းကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အခွန်ထမ်း ဆိုသည်မှာ ဥပဒေအရ အခွန်ပေးဆောင်ရမည့်သူကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထောင်စု အစိုးရ၏ စီးပွားရေး အဖွဲ့အစည်း၊ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ ကုန်သွယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်း၊ စည်ပင်သာယာရေး အဖွဲ့၊ သမ၀ါယမ အသင်း၊ တစ်ဦးချင်း ပုဂ္ဂိုလ်၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ စုပေါင်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်း၊ ကုမ္ပဏီ၊ အစုစပ် လုပ်ငန်းနှင့် ဖက်စပ် လုပ်ငန်းများလည်း ပါဝင်သည်ဟု ဖွင့်ဆိုထားရာ နိုင်ငံပိုင်မှအစ မည်သူမဆို ပေးဆောင်ရန် တာဝန်ရှိသည်ကို အတိအကျ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၅၀၀ ဦး စာရင်းနှင့် ၀င်ငွေခွန်ထိပ်တန်း ၅၀၀ ဦး စာရင်းအား ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၌ ကျပ်ဘီလျံပေါင်းများစွာ ၀င်ငွေရရှိနေပြီး ၎င်းတို့၏ ၀င်ငွေရငွေဖြင့် ဆိုပါက ထိပ်တန်းအခွန်ထမ်း ၁၀၀ ဦး စာရင်း၌ပင် ပါဝင်လာရမည်ဖြစ်သည့် ကုမ္ပဏီကြီးပေါင်း များစွာ လုပ်ငန်းပေါင်း များစွာမှာ အခွန်ထမ်းစာရင်း ထုတ်ပြန်ရာတွင် ၅၀၀ ဦးစာရင်း၌ပင် လုံးဝပါဝင်လာခြင်း မရှိခဲ့ပေ။

အဆိုးဆုံးအဖြစ် ဥပဒေအရ အစိုးရ အပါအ၀င် မည်သူမဆို ပေးဆောင်ရန် သတ်မှတ်ထားသည့် ကုန်သွယ်လုပ်ငန်းခွန်ကိုပါ ပေးဆောင်ခြင်း မပြုဘဲ တိမ်းရှောင်နေမှုများသည် ပုံမှန်အခွန် ထမ်းဆောင် ပေးနေသူများကို ပိုမိုထိခိုက် နစ်နာစေသည်။

လမ်းဘေးဈေးသည်မှစကာ လူလတ်တန်းစား တစ်ရပ်လုံးအထိ နှစ်စဉ်ပုံမှန် အခွန်ထမ်းဆောင်သူများ မပျက်မကွက် အခွန်ပေးဆောင် နေချိန်တွင် အဆိုပါ ကုမ္ပဏီများ အခွန်ထမ်း စာရင်း၌ ပါမလာခြင်းမှာ အခွန်တိမ်းရှောင် နေသည်ဟုသာ ယူဆရမည် ဖြစ်သည်။

အစိုးရပင် ကုန်သွယ်ခွန် ပေးဆောင်ရသည့် အချိန်၊ နိုင်ငံအတွက် မီဒီယာ အရေးပါချိန်တွင် အစိုးရဖြင့် ပူးပေါင်းလုပ်ကိုင်နေသည့် ရုပ်သံမီဒီယာများ၏ အခွန်ပေးဆောင်နိုင်စွမ်းနှင့် အခွန်ထမ်း စာရင်းတွင် ပါဝင်မလာခြင်းကို တွက်ဆကြည့်ခြင်းဖြင့် အခြားသော ကဏ္ဍများစွာတွင် မည်မျှအခွန် တိမ်းရှောင်နေသည်ကို အများပြည်သူနှင့် အခွန်ကောက်ခံရန် တာဝန်ရှိသူများ တွက်ချက်နိုင်စေရန် ရုပ်သံလိုင်းနှစ်ခု၏ ၀င်ငွေ၊ အခွန်ပေးဆောင်နိုင်စွမ်းကို ဥပမာပေး၍ ဖော်ပြရခြင်း ဖြစ်သည်။

ဥပဒေ မရှိဘဲ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော Forever Group နှင့် Sky Net ရုပ်သံလိုင်းတို့သည် တစ်နှစ်လျှင် အနည်းဆုံး အနိမ့်ဆုံးသောနှုန်းဖြင့် တွက်လျှင်ပင် နိုင်ငံတော်သို့ အခွန်ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိကို ပေးဆောင်နိုင်သည့်သဘော ရှိပါသည်။

Forever Group မှ ရောင်းချထားသည့် စက်အလုံးရေအား အနိမ့်ဆုံး အလုံးငါးသိန်းသာထား၍ တွက်လျှင်ပင် စက်သီးသန့် ရောင်းချမှုမှ ရရှိသည့် ငွေအပေါ် ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ပမာဏမှာ ကျပ် ၁၀၀၆၂ သိန်းအထိ ရနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထိုသို့ပင်အထိ Sky Net ရုပ်သံလိုင်းမှ ရောင်းချထားသည့် စက်အလုံးရေကို အနိမ့်ဆုံး အလုံးရေ ၅ သိန်းဖြင့်ထား၍ တွက်ချက်လျှင်ပင် စက်သီးသန့်ရောင်းရငွေအပေါ် နိုင်ငံတော် ရရှိမည့် ကုန်သွယ်လုပ်ငန်းခွန်မှာ ကျပ် ၁၃၇၅၀ သိန်းအထိ ရှိနေသည်။

Forever Group မှ နှစ်စဉ်ရရှိနေသည့် ကြော်ငြာဝင်ငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် တွက်ချက်လျှင်လည်း တစ်နှစ်လျှင် နိုင်ငံတော် အနေဖြင့် အခွန်ငွေကျပ် ၁၁၅၂၉ သိန်း အနည်းဆုံး ရနိုင်သည်။

Sky Net ရုပ်သံလိုင်း၏ ကြော်ငြာဝင်ငွေ အပေါ်တွင် နိုင်ငံတော် အနေဖြင့် ကုန်သွယ်ခွန် စည်းကြပ်မည် ဆိုပါကလည်း တစ်နှစ်လျှင် ကျပ် ၄၆၇၇ သိန်းအထိ အနည်းဆုံး အနိမ့်ဆုံး ရနိုင်ဖွယ် ရှိပါသည်။

အနိမ့်ဆုံးထား တွက်ချက်သည့် စက်အလုံးရေ ငါးသိန်းပေါ်တွင် အများပြည်သူထံမှ Forever Group နှင့် Sky Net ရုပ်သံလိုင်းတို့ လစဉ်ကြေး ကောက်ခံမှု အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ထပ်မံကောက်ခံခွင့်ရှိပြီး Forever Group ဆိုလျှင် ယခုနှုန်းထားများဖြင့် တစ်နှစ်လျှင် ကျပ် ၁၁၈၄ သိန်းအား လည်းကောင်း၊ Sky Net ရုပ်သံလိုင်းဆိုလျှင် တစ်နှစ်လျှင် ကျပ် ၃၆၇၅ သိန်းအား လည်းကောင်း အနည်းဆုံး ပေးဆောင်နိုင်စွမ်း ရှိကြသည်။

ရုပ်သံလိုင်း ဆိုသည်မှာ ၀န်ဆောင်မှုလုပ်ငန်း အမျိုးအစား ဖြစ်သည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အခွန်မဖြစ်မနေ ပေးဆောင်ကြရမည် ဖြစ်သည်။

ဝန်ဆောင်မှု လုပ်ငန်းကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်း အခကြေးငွေ၊ အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်သွယ်မှု လုပ်ငန်း၊ ဖျော်ဖြေမှု လုပ်ငန်း၊ ဟိုတယ် တည်းခိုခန်းနှင့် စားသောက်ဆိုင် လုပ်ငန်း၊ ခရီးသွားလာရေး လုပ်ငန်းနှင့် ပုဒ်မ ၆ အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၀န်ဆောင်မှု လုပ်ငန်းဖြစ်သည်ဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းဖွင့်ဆို ထားပြီးဖြစ်သည်။

ဝန်ဆောင်မှု ရငွေဆိုသည်ကိုလည်း အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ၀န်ဆောင်မှုကို ဆောင်ရွက်သည့်အတွက် ရငွေ သို့မဟုတ် ရရန်ငွေကို ဆိုသည်ဟု လည်းကောင်း၊ ၀န်ဆောင်မှု ဆောင်ရွက်သူ ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်း ၀န်ဆောင်မှုကို အခကြေးငွေ၊ အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်သူကို ဆိုသည်ဟု လည်းကောင်း ဖော်ပြထားပြီး ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၏ အခန်း (၂) ပုဒ်မ ၄၊ တွင်လည်း (ခ) နိုင်ငံတော်အတွင်း ဆောင်ရွက်သည့် ၀န်ဆောင်မှုများ အပေါ်တွင် ဇယား၌ ဖော်ပြထားသည့်အတိုင်း အခွန်ကျသင့် စေရမည် ပြဋ္ဌာန်းထားပြီး ဇယားအရ ဆိုပါက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ပေးဆောင်ကြရမည် ဖြစ်သည်။

သို့သော် ယခုအခါ အခွန်ထမ်း စာရင်းတွင် ထိုမျှလောက်သော အခွန်ပမာဏ ပေးဆောင်နိုင်စွမ်း ရှိလျက်နှင့် ပါဝင်မလာသည့် ကုမ္ပဏီပေါင်းများစွာ ရှိခဲ့သည်။

ဥပဒေအရ ဆိုပါက အခွန်ရှောင်တိမ်းသည်ဟု ယူဆလျှင် မည်သူကိုမဆို ပြန်လည်၍ အခွန်ကောက်ခံနိုင်ကြောင်းကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဥပဒေ၏ အခန်း (၉) ပုဒ်မ ၁၇၊ (က) တွင် မြို့နယ် အခွန်ဦးစီး ဌာနမှူးသည် မည်သည့်နှစ်တွင်မဆို အောက်ပါ အကြောင်းအရာ တစ်ခုခုနှင့် စပ်လျဉ်း၍ အခွန်ထမ်းအား နှစ်ချုပ်ကြေညာလွှာ ပေးပို့ရန် သက်ဆိုင်ရာ စည်းကြပ်နှစ် ကုန်ဆုံးပြီး သုံးနှစ်အတွင်း အကြောင်းကြား နိုင်သည်။ ယင်းသို့ အကြောင်းကြားပြီးနောက် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မည်သည့်အချိန်တွင်မဆို စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်နိုင်သည်။ (၁) အခွန်စည်းကြပ်ထိုက်လျက် စည်းကြပ်မှုမှ လွတ်ကင်းနေခြင်း၊ (၂) အခွန်လျော့နည်း စည်းကြပ်ခဲ့ခြင်းဟု ဖော်ပြထားရာ ယင်းကဲ့သို့ အခွန်ကို အမှန်အတိုင်း မပေးဘဲ လွတ်နေသူမျိုးကို ပြန်လည်စည်းကြပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ပုဒ်မ ၁၇ ၌ပင် သို့ရာတွင် ရောင်းရငွေ သို့မဟုတ် ၀န်ဆောင်မှု ရငွေတို့နှင့် စပ်လျဉ်း၍ လိမ်လည်တိမ်းရှောင်ခြင်း၊ ထိမ်ချန်ခြင်းကြောင့် စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း တွေ့ရှိလျှင် သက်ဆိုင်ရာ စည်းကြပ်နှစ် ကုန်ဆုံးပြီးနောက် မည်သည့်အချိန်တွင်မဆို ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကြိုတင်ခွင့်ပြုချက်အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်နိုင်သည်ဟုလည်း ထပ်မံ၍ပြဋ္ဌာန်း ထားပါသည်။

ရုပ်သံမီဒီယာ နှစ်ခုတည်းအား ဖော်ပြနေခြင်း မဟုတ်ဘဲ ကုမ္ပဏီ နှစ်ခုတည်းပင် ထိုမျှလောက်သော အခွန်ပေးနိုင်စွမ်း ရှိနေလျှင် အခြားသော ငွေပမာဏ များပြားစွာဖြင့် လုပ်ကိုင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ကုန်စည်ရောင်းဝယ်သည့် ကုမ္ပဏီကြီးများသည် မည်မျှအခွန်ပေးဆောင်နိုင်စွမ်း ရှိသည်ကို ဥပမာပေး ဖော်ပြရခြင်း ဖြစ်သည်။

တိမ်းရှောင်သူများကြောင့် နိုင်ငံအပြင် နှစ်စဉ်အခွန် ပုံမှန်ထမ်းဆောင်နေကြသည့် အများပြည်သူအပေါ် မည်မျှထိခိုက် နစ်နာရသည်ကို အခွန်ကောက်ခံရသည့် သူများပါ တွက်ချက်သင့်ပေသည်။

အခွန်မည်မျှ ဆောင်နိုင်သည်၊ အခွန်မည်မျှ ရှောင်ထားသည်ကို သိရှိလျှင်လည်း ပြန်ကောက်ရန် ဥပဒေအရ ပြဋ္ဌာန်းထားပြီးဖြစ်ရာ ထိပ်တန်းအခွန် ၅၀၀ ဦး စာရင်းတွင် ပါဝင်သင့်လျက် မပါဝင်သူများအပေါ် မည်သို့စည်းကြပ် သင့်သည်ကို အခွန်ကောက်ခံခွင့် ရှိသူများ ကိုယ်တိုင်သာ ဆက်လက်လုပ်ဆောင်သင့်ပြီး အခွင့်အာဏာ အပ်နှင်းထားပါလျက် အခွန်မကောက်နိုင်ပါက အများပြည်သူကသာ ဝေဖန်ထောက်ပြ ကြလိမ့်မည် ဖြစ်သည်။

Forever Group နှင့် Sky Net ရုပ်သံလိုင်းမှ ရောင်းချထားသည့် အနီးစပ်ဆုံး စက်အလုံး အရေအတွက်ပေါ်မှ နိုင်ငံတော်သို့ ပေးသွင်းနိုင်စွမ်းရှိသည့် ကုန်သွယ်ခွန် ပမာဏ စက်အလုံးပေါင်း တစ်လုံးတန်ဖိုး ရောင်းရငွေပမာဏ အခွန်ကျသင့်ငွေ
၅၀၀၀၀၀(Forever) ၄၅၀၀၀-၃၅၅၀၀ ကျပ် ၂၀၁၂၅၀ သိန်း ၁၀၀၆၂ သိန်း
၅၀၀၀၀၀(Sky Net) ၅၅၀၀၀ ကျပ် ၂၇၅၀၀၀ သိန်း ၁၃၇၅၀ သိန်း

မှတ်ချက်။ ။ အဆိုပါ အခွန်ပမာဏမှာ နှစ်စဉ်ရရှိမည့် အခွန်မဟုတ်ဘဲ စတင်ရောင်းချသည့်နှစ်မှ ယခုနှစ်အထိ ရရှိနိုင်သည့် အခွန်ပမာဏ ဖြစ်သည်။ အနီးစပ်ဆုံး အလုံးအရေအတွက်အား လက်ရှိဈေးဖြင့် ဥပမာပြသည့် အနေဖြင့် ပျမ်းမျှတွက်ချက် ထားခြင်းသာ ဖြစ်သည်။



Forever Group နှင့် Sky Net ရုပ်သံလိုင်းတို့ ကြော်ငြာဝင်ငွေမှ ရရှိနိုင်သည့် အနီးစပ်ဆုံး ကုန်သွယ်ခွန် ပမာဏ
အမည် တစ်ရက်ပျမ်းမျှရငွေ တစ်နှစ်ပျမ်းမျှရငွေ ကျသင့်သည့်အခွန်
Forever ၆၃၂ သိန်းနီးပါး ၂၃၀၅၈၁ သိန်း ၁၁၅၂၉ သိန်း
Sky Net ၂၅၆ သိန်းကျော် ၉၃၅၄၄ သိန်း ၄၆၇၇ သိန်း

မှတ်ချက်။ ။ ထုတ်လွှင့်ချိန် ၁ နာရီတွင် ကြော်ငြာဝင်ချိန်အား ၅ မိနစ်နှုန်းထား၍ လက်ရှိကြော်ငြာခများဖြင့် အနီးစပ်ဆုံး ပြန်လည်တွက်ချက် ထားခြင်းသာဖြစ်ပြီး ကြော်ငြာရမှုပေါ် မူတည်၍ ယခုထက် နည်းနိုင်သလို ယခုထက်လည်း များပြားစွာ ရရှိနိုင်သည်။

Forever Group နှင့် Sky Net ရုပ်သံလိုင်းတို့ လစဉ်ကြေးပေါ်မှ ရနိုင်သည့် ပျမ်းမျှအခွန်
စက်အလုံးပေါင်း တစ်လနှုန်း တစ်နှစ်ရငွေ အခွန်ကျသင့်ငွေ
၅၀၀၀၀၀ (Forever) ၂၀၀၀-၇၅၀၀ ကျပ် ၂၃၆၈၇ သိန်း ၁၁၈၄ သိန်း
၅၀၀၀၀၀ (Sky Net) ၃၆၀၀-၂၅၈၀၀ ကျပ် ၇၃၅၀၀ သိန်း ၃၆၇၅ သိန်း

မှတ်ချက်။ ။ စက်အလုံး အရေအတွက်ပေါ် မူတည်၍ လစဉ်ကြေးဈေး အနည်းဆုံးမှ ဈေးအများဆုံး ပေးသွင်းရသည့် ပမာဏများအပေါ် ပျမ်းမျှတွက်ချက် ထားခြင်းသာ ဖြစ်သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here