Wednesday, October 9, 2013

မြိတ်ခရိုင်အတွင်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင် ရောက်ရှိနေသော ငါးဖမ်းလှေများအား ကမ်းကပ်ခြင်း၊ ကျွန်းခိုခြင်းများ ပြုလုပ်ရန် အသိပေးထား

0 comments
 မြိတ်မြို့ ရေနံမြေဆိပ်ကမ်းတွင် ကမ်းကပ်ထားသော ငါးဖမ်းလှေငယ်များအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်

မြိတ်ခရိုင်အတွင်း မုန်တိုင်းသတိပေးချက်များ ဆောင်ရွက်နေပြီး ပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ငါးဖမ်းလှေများအား ကမ်းကပ်ခြင်း၊ ကျွန်းခိုခြင်းများ ပြုလုပ်ထားရန် တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက်မှစပြီး အသိပေးထားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသည့် မိုးလေ၀သ ကြေညာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေကြောင်း အဆိုပါ မုန်တိုင်းငယ်ကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အထိ ရှိနိုင်ကြောင်း အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသအား လုံးလေဒဏ်လှိုင်းဒဏ်ကို သတိထားရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားထားခဲ့သည်။

"ကျွန်တော်တို့ အောက်တိုဘာ ၇ ရက်စပြီး မိုးလေ၀သ အခြေအနေတွေကို ပင်လယ်ပိုင်းမှာရှိ ကျွန်းတွေကို ဆက်သွယ်အကြောင်းကြား ထားပြီးပါပြီ။ မုန်တိုင်းသတိပေးချက် တွေကိုလည်း ငါးဖမ်းလှေများကို အကြောင်းကြားခိုင်း ထားပါတယ်။ ငါးဖမ်းလှေတွေလည်း သက်ဆိုင်ရာ ငါးဦးစီးနဲ့ ဆက်သွယ်ပြီး ကမ်းကိုပြန်ဝင်လာတဲ့ လှေတွေရှိသလို နီးစပ်ရာ ကျွန်းတွေမှာလည်း ခိုအောင်းနေကြ ပါတယ်" ဟု မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ကပ္ပလီ ပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ကမ်းခြေနှင့် ဝေးလံသော ပင်လယ်ပြင်တွင် ရွေ့လျားနေကာ မြောက်ဘက်ကို ရွေ့လျားနေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် လှိုင်းဒဏ်လေဒဏ်များ သတိထားရန်လိုကြောင်း သိရ သည်။

"အခုချိန်မှာတော့ ရာသီချိန် ရောက်နေလို့ ကင်းမွန်မီးထွန်းလှေတွေ ထွက်ကုန်ကြပါပြီ။ လှေအားလုံးရဲ့ တစ်ဝက်လောက်ကတော့ ပင်လယ်ပြင်ထဲမှာ ရောက်နေကြပါပြီ။ ကမ်းကိုပြန်ဝင်တဲ့လှေတွေ မရှိသလောက်ပါပဲ။ ပင်လယ်ထဲက နီးစပ်ရာ ကျွန်းတွေမှာ ခိုအောင်းကြလိမ့်မယ်" ဟု ကင်းမွန်လှေ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းငယ်မှာ အနောက်မြောက် ဘက် သို့ ရွေ့လျားနိုင်ကာ တနင်္သာရီ၊ မွန်၊ မြစ်ဝ ကျွန်းပေါ် ဒေသများ တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း မိုးလေ၀သ ခန့်မှန်းချက်များအရ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here