Wednesday, October 9, 2013

၁၀၀ တန် ဒေါ်လာအသစ်များ အမေရိကန်ထုတ်လုပ်

0 comments
9.10.2013

အမေရိကန် အစိုးရအနေမှ ယခုသတင်းပတ်အင်္ဂါနေ့တွင် ၁၀၀ တန် ဒေါ်လာ အသစ်များ ထပ်မံထုတ်လုပ်ခဲ့သည်။ အသစ်ထွက်ရှိလာသည့် ငွေစက္ကူများမှာ အစိမ်းရောင်ဖြစ်ပြီး ငွေကြေးအတုလုပ်သူများရန်မှ ကာကွယ်သည့် အထူး အမှတ်အသားလည်း ပါဝင်သည်။

အသစ်ထွက်ရှိလာသော ငွေစက္ကူတစ်ရာတန်တွင် ရှုပ်ထွေးသည့် နည်းလမ်း များအား အသုံးပြုကာ ငွေ ကြေး အတုပြုလုပ်နေသူများအား တိုက်ဖျက်ရန် အတွက် အဓိကထား ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်ဟု ဗဟိုဘဏ်တွင်
ငွေကြေးဆိုင်ရာ ပညာရေးသင်တန်းအား စီမံခန့်ခွဲသူ Sonja Danburg က အေဖက်ပီသတင်း ဌာနသို့ ပြောကြား လိုက်သည်။

၁၉၉၆ ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့သည့် ၁၀၀ တန်ဒေါ်လာငွေများတွင်မူ အရှေ့ပိုင်းတွင် အမေရိကန် တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဘင်ဂျမင်ဖရန်ကလင်း၏ ရိုးရာပုံတူအား အသုံးပြုကာ ရိုက်နှိပ်ထားပြီး ယင်းငွေကြေးမှာ ကမ္ဘာတစ်လွှားရှိ ကုန်သွယ်ရေးလုပ်ငန်းများအတွက် အရေးပါသော ငွေကြေး ဖြစ်သည်။

အဆိုပါ ငွေစက္ကူ၏ နောက်ဘက်တွင် ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် လွတ်လပ်ရေးကြေညာစာတမ်းအား ရေးသားထုတ်ဝေ ခဲ့သည့် ဖိလစ်ဒဲလ်ဖီးယား လွတ်လပ်ရေးခန်းမပုံအား ရိုက်နှိပ်ထားသည်။ “ဒီငွေ စက္ကူက ကမ္ဘာတစ်လွှားမှာ အသုံးများဆုံးပါ။ အဲဒီငွေစက္ကူတွေရဲ့ သုံးပုံနှစ်ပုံလောက်က အမေရိကန်နိုင်ငံ ရဲ့ ပြင်ပမှာ လည်ပတ်နေတာပါ။ ဒါအပြင် ဒီငွေစက္ကူဟာ အမေရိကန်နိုင်ငံရဲ့ ပြင်ပမှာ အတုပြုလုပ်ခြင်း အခံရဆုံးပါပဲ” ဟု လည်း သူကဆိုသည်။

“ကျွန်မတို့အနေနဲ့ ငွေတုပြုလုပ်သူတွေရဲ့ ခြိမ်းခြောက်မှုထက် နှာတစ်ဖျားသာချင်ပါတယ်။ လူထုကိုလည်း ကာကွယ်ချင် ပါတယ်”ဟုလည်း သူမက ဆိုသည်။

Danburg က အကြီးစားနှင့် အသေးစားငွေတုပြုလုပ်မှုမှာ ပမာဏအားဖြင့် နည်းပါးသော်လည်း စိန်ခေါ်မှု တစ်ရပ် အဖြစ် ဆက်ရှိနေသေးသည် ဟုလည်း ပြောကြားခဲ့သည်။ ယမန်နှစ်က ကမ္ဘာ့ဈေးကွက်အတွင်း လည်ပတ်နေသော ၁၀၀ တန် ငွေစက္ကူပမာဏမှာ တစ်ထလီယံ ခန့်ရှိပြီး ငွေတုများမှာ သန်း ၈၀ ခန့်သာရှိ ခဲ့သည်။

အသစ်ထွက်ရှိလာသည့် ၁၀၀ တန်ငွေစက္ကူတွင် အစိမ်းရောင်နှင့် အနက်ရောင်များ ဆိုးထားသော ရိုးရာ ချည်မျှင်နှင့် လီနင်စာရွက်များ
ပေါ်တွင် ရိုက်နှိပ်ထားခြင်းဖြစ်ပြီး ငွေစက္ကူအား ကူးယူခြင်း မပြုနိုင်ရန် အတွက် စီစဉ်ထားခြင်းများလည်း ပါဝင်သည်။

ဥပမာဖြင့် ငွေစက္ကူအသစ် ဒီဇိုင်းတွင် ယခင်လက်ဟောင်းမှာကဲ့သို့ လွတ်လပ်ရေးခန်းမ၏ ရှေ့မျက်နှာစာအား ပြထားခြင်း အစား
နောက်ဘက်အား ပြထားသည်။

ထို့ကြောင့် အတုထုတ်သူများအနေဖြင့် ငွေအဟောင်းအား ထုတ်လုပ်သည့် ပရင်တာများဖြင့် ငွေစက္ကူ အသစ်အား ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ အမေရိကန်အစိုးရက ၃ ဒသမ၅ ဘီလီယံခန့် ပမာဏရှိသော ငွေစက္ကူ အသစ်များ အား ထုတ်လုပ်ခဲ့သည်။

အသစ်ထွက်ရှိလာသော ငွေကြေးများအား ဗဟိုဘဏ်မှတစ်ဆင့် ဗဟိုဘဏ် ဘဏ်ခွဲများသို့ ပေးပို့ရဦးမည် ဖြစ်သည့် အတွက် အခြားဘဏ်များသို့
ရောက်ရှိရန်မှာ ရက်အနည်းငယ်ကြာဦးမည်မည်ဖြစ်သည်။ ထို့ နောက်တွင် ကမ္ဘာတစ်လွှားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

သို့သော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူအသစ်များအား ကမ္ဘာတစ်လွှားရှိ အသုံးပြုသူများ မျက်မှန်းတန်း မိစေရန် ဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်။ သို့မှသာ ငွေစက္ကူအသစ်များအား မငြင်းပယ်မည်ဖြစ်သည်။

“လူတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးဝယ်ရာတွေမှာ ပြုလုပ်တဲ့ ငွေလွှဲတဲ့ လုပ်ငန်းတွေမှာ ဒီငွေစက္ကူကို အဓိကထား အသုံးပြုနေတာပါ။ သိုလှောင်ဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမေရိကန်
ငွေကြေးအပေါ်မှာ မှီခိုနေသူတိုင်းရဲ့ ယုံကြည်မှုကို ဆက်ထိန်းထား ချင်ပါတယ်” လောလောဆယ် တွင် ကမ္ဘာ့ဈေးကွက်အတွင်း၌ လည်ပတ်နေ
သော ငွေစက္ကူအဟောင်းတန်ဘိုးမှာ ၉၀၀ ဘီလီယံခန့် ရှိပြီး၊ ဆက်လက် အသုံးပြုနေသမျှကာလပတ်လုံး ၎င်းတို့အား တန်ဖိုးထားသွားမည်ဟုလည်း Danburg က ပြောကြား လိုက်သည်။

“အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ငွေကြေးအားလုံးအား တရားဝင်ဖြစ်နေဖို့ ဆိုတာ အမေရိကန်အစိုးရရဲ့ မူဝါဒပါ။ ဒါကြောင့် သင့်အနေနဲ့ အဟောင်းနဲ့ အသစ်ကိုလဲလှယ်ဖို့အတွက် ရေးကြီးသုတ်ပြာလုပ်စရာ မလိုပါဘူး” ဟုလည်း သူမကပြောသွားခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here