Thursday, October 17, 2013

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ သန်း ၄၆၀ နီးပါးရှိနေ

0 comments
                                      မြ၀တီနယ်စပ် ချစ်ကြည်ရေး တံတားအနီး ကုန်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ)-ကိုရွှေသိန်း(မြ၀တီ)
Thursday, October 17, 2013

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၄၆၀ နီးပါးရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကိန်းဂဏန်းအရ သိရသည်။

ကုန်သွယ်မှုပမာဏ ၁၁ ဘီလျံကျော်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၄၈၇ ဒသမ ၂၂၂ သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၉၄၇ ဒသမ ၁၉၃ သန်း ရှိသောကြောင့် ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားနေပြီး ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၄၅၉ ဒသမ ၉၇၁ သန်း(သန်း ၄၆၀ နီးပါး)ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အလားတူကာလတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉၆၅ ဒသမ ၂၅၅ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်၏ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၂၄၆၉ ဒသမ ၁၆၀ သန်းပိုမို ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင် စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

ပို့ကုန် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာကိုလည်း နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ နည်းပညာ အကူအညီဖြင့် ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ လုံးဝမှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here