Friday, November 8, 2013

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့ခဲ့

0 comments

8/11/2013

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ တစ်ပတ်အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု များပြားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ မူဆယ်စခန်းမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၃၄၆ သန်းရှိ ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၉၄၆ သန်း ရှိခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ် အတွင်း မူဆယ်နယ်စပ် စခန်းမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၉၂ ဒသမ ၂၉၂ သန်းရှိပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အိမ်နီးချင်း လေးနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ် မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးစသည့် နယ်စပ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် နိုဝင်ဘာ ၁ ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ အမေရိ ကန် ဒေါ်လာ ၂၇၉၂ သန်းကျော် ရရှိခဲ့ပြီး တရုတ်နှင့် ကုန်သွယ်မှု တစ်ခုတည်းမှ နှစ်ဘီလျံကျော် ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောအုပ်စုဝင် ထုတ်ကုန်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်သည့် စခန်းမှာ များပြားသော်လည်း နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပြုသည့် ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုထက် များစွာလျော့နည်း နေသေးသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here