Wednesday, November 13, 2013

ကုန်တင်ယာဉ်တံတားဖြတ်သန်းခ တန်ပိုကြေးမြင့်မားနေမှု သူရဦးရွှေမန်းထံ တင်ပြသော်လည်း အကြောင်းမထူး

0 comments

13.11.2013

ကုန်သွယ်ရေးကို ထိခိုက်နေစေသည့် လမ်းတံတားဖြတ်သန်းခ တန်ပိုကြေး မြင့်မားနေခြင်းအား လုပ် ငန်းရှင်များက လွှတ်တော် နာယက သူရဦးရွှေမန်းထံ တိုက်ရိုက်တင်ပြထားသော်လည်း နှစ်လတာနီးပါး ကြာသည်အထိ အကျိုးသက်ရောက်မှု ရှိမလာသေး သဖြင့် သက်ဆိုင်ရာကို ထပ်မံတင်ပြသွားမည်ဟု လုပ်ငန်းရှင်များက ပြောသည်။

လုပ်ငန်းရှင်များသည့် ယင်းသို့တံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေးပေးဆောင်ရမှုများနေခြင်းကိစ္စအား စက်တင်ဘာလ ၈ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ကျင်းပသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် စီးပွားရေးကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် တင်ပြခဲ့ခြင်းဖြစ် သည်။

သို့သော် နိုဝင်ဘာ ၁၂ရက်အထိ လမ်းတံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေးများမှာ ကောက်ခံနေဆဲဖြစ် ကြောင်းဘုရင့်နောင် ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က ပြောသည်။

ယင်းသို့ ဆက်လက်ကောက်ခံနေဆဲဖြစ်ရာ အခါအခွင့်သင့်တိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို တင် ပြသွားမည်ဟု ဆိုသည်။

လက်ရှိတွင် လှိုင်သာယာစက်မှုဇုန်မှ ကုန်ကြမ်းကုန်ချောသယ်ယူပို့ဆောင်လျက်ရှိသည့် ကုန်ကားများ၏ တံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေးပေးဆောင်ရမှုမှာ စင်ကာပူဆိပ်ကမ်းသို့ သင်္ဘောဖြင့်ပို့ဆောင်သည့် ကုန်ကျစရိတ်ထက်ပင် ပိုများသောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားကာ စက်မှုလုပ်ငန်းများ ဖွံ့ ဖြိုးရေးကို ထိခိုက်နေကြောင်း လုပ်ငန်းရှင်များကပြောသည်။

မြန်မာနိုင်ငံထွက် ပို့ကုန်များအား စင်ကာပူနိုင်ငံသို့ သင်္ဘောဖြင့်တင်ပို့ရာတွင် ပေ ၂၀ ကုန်သေတ္တာတစ် လုံး၏ ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၅၀ မှ ၇၀ အထိသာကျသင့်သော်လည်း တံတားဖြတ်သန်းခ တန်ပို ဒဏ်ကြေးမှာ ကန်ဒေါ် ၁၀၀ ကျော်အထိ ကျသင့်နေကြောင်း လုပ်ငန်းရှင်များကဆိုသည်။

တံတားဖြတ်သန်းရာတွင် အာဆီယံစံနှုန်းများအရ ခြောက်ဘီးကားတစ်စီးလျှင် ယာဉ်နှင့် ကုန် ၁၆ တန်၊ ၁၀ ဘီးကားတွင် ယာဉ်နှင့် ကုန် ၂၁ တန်၊ ၁၂ ဘီးကားတွင် ယာဉ်နှင့် ကုန် ၂၅ တန် သတ်မှတ်ထား သည်။

ပြည်ပပို့ကုန်များ တင်ပို့ရာတွင်မူ နိုင်ငံခြားဝယ်ယူသူများ၏ သတ်မှတ်စံနှုန်းများအရ ကုန်သေတ္တာတစ် လုံးတွင် ကုန်ပစ္စည်း အလေးချိန်၂၄ တန် အတိအကျ ထည့်သွင်းရခြင်းကြောင့် ယာဉ်မပါကုန်ပစ္စည်း သီး သန့်ကို သတ်မှတ်တန်ချိန်ကျော်လွန်ကာ ဒဏ်ကြေးပေးနေဆောင်ရခြင်းဖြစ်သည်ထို့အပြင် ကုန်သေတ္တာများကို ကုန်သေတ္တာတင်ယာဉ် သီးသန့်ခေါင်းတွဲယာဉ်များဖြင့်သာ သယ်ယူ ခွင့်ပြုပြီး ၁၀ ဘီးကားများဖြင့်တင်ဆောင်ပါက သတ်မှတ်တန်ချိန်ကို အလိုလို ကျော်လွန်နေသဖြင့် ဒဏ် ကြေး ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှစ်သောင်းအထိပေးဆောင်ရသည်။
 
Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here