Monday, December 2, 2013

ဘန်ကောက် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်း

0 comments

2.12.2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့မှာလည်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲနေရသလို ဆန္ဒပြခေါင်းဆောင် ဆူသက်က ၀န်ကြီးချုပ် ယင်းလပ်ကို ၂ ရက်အတွင်း ရာထူးကနေ ဆင်းပေးဖို့ ရာဇသံပေးထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ဆန္ဒပြသမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပေမယ့် အစိုးရ အိမ်တော်အနီးနဲ့ ဘန်ကောက်မြို့တော် ရဲဌာနအနီးအပါအ၀င် နေရာအတော် များများမှာ ဆန္ဒပြပွဲတွေ ဒီနေ့ ပြန်စနေပါတယ်။

အစိုးရအိမ်တော်အနီးမှာ ဆန္ဒပြသမားတွေက ရဲတွေ ချထားတဲ့ အတားအဆီးကို ဖယ်ရှားဖို့ ကြိုးစားတဲ့ အတွက် မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး ဘန်ကောက်မြို့ပေါ်က အထင်ကရ တက္ကသိုလ်တွေကို ဒီနေ့ကစ ၂ ရက် ပိတ်ထားပါတယ်။

ဘန်ကောက်မြို့က လူတွေကိုလည်း ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အိမ်အပြင် မထွက်ကြဖို့ အစိုးရ က တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြခေါင်းဆောင် ဆူသက်နဲ့ ၀န်ကြီးချုပ် ယင်းလပ်တို့ ထိုင်းတပ်မတော်စစ်ဦးစီးချုပ်ရဲ့ ကမကထပြုမှုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့အခါမှာ ဆူသက်က တိုင်းပြည်အာဏာကို၂ရက်အတွင်း ပြည်သူလူထုလက်ထဲကို ပြန်အပ်ဖို့ တောင်းဆိုခဲ့တယ်လို့ တွေ့ဆုံပွဲအပြီးမှာ ဆူသက်က သတင်းထောက်တွေကို ပြောပါတယ်။

တွေ့ဆုံပွဲအတွင်း ၀န်ကြီးချုပ် ယင်းလပ်က ဘာမှ ပြောဆိုခဲ့ခြင်းမရှိဘူးလို့လည်း ဆန္ဒပြ ခေါင်းဆောင် ဆူသက်က ဆိုပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်နဲ့ အခုလို တွေ့ဆုံခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်တယ်လို့ ဆူသက် က ပြောဆိုခဲ့ပါတယ်။

ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပရာယုကတော့ ထိုင်းတပ်မတော်ဟာ ပြည်သူတွေ သေကျေပြီး ထိခိုက်အနာတရရတာတွေ မမြင်ချင်သလို စစ်တပ်က တိုင်းပြည်နဲ့အတူ ရပ်တည်မယ် လို့ ပြောကြားခဲ့ ပါတယ်။

ဆန္ဒပြသမားတွေဟာ ပြီးခဲ့တဲ့ရက်တွေက အစိုးရ၀န်ကြီးဌာနတချို့ကို ၀ိုင်းခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ အစိုးရအိမ်တော်နဲ့ ၀န်ကြီးချုပ်ရုံးဘက်ကို ၀င်တဲ့လမ်းက အတားအဆီးကို ဖယ်ရှားတဲ့အခါမှာ လုံခြုံရေး အဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ရပါတယ်။

တချို့နေရာတွေမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ထောက်ခံသူတွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး မနေ့ကအထိ အနည်းဆုံး ၄ ဦး သေဆုံးပြီး စုစုပေါင်းလူ ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံ မှတ်တမ်းတွေအရ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ယင်းလပ်က ဘန်ကောက်က ရဲဌာနချုပ်မှာ အရေးပေါ်အစည်းအဝေး ဒီနေ့ ခေါ်ယူခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ပညာရေးဒုဝန်ကြီးနဲ့ ၀န်ကြီးချုပ်ရုံးဝန်ကြီးတို့ တက်ရောက် ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူသက်ကတော့ ဒီဇင်ဘာ ၃ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့တွေရဲ့ အာဏာ သိမ်းပွဲ အပြီးသတ် အောင်ပွဲခံရမယ်လို့ ကြွေးကြော်ထားပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here