Monday, December 9, 2013

မွန်တိုင်းရင်းသားနှစ်ပါတီ ပေါင်းစည်းရေး နာမည်ရွေး

0 comments



9.12.2013

မွန်တိုင်းရင်းသား နှစ်ပါတီပေါင်းစည်းရေးကော်မတီက အသစ်ဖွဲ့စည်းမယ့် မွန်ပါတီသစ်အမည်ကို မွန်အမျိုးသားပါတီနဲ့ မွန်တစ်မျိုးသားလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ နာမည်နှစ်ခုကို ယာယီအနေနဲ့ ဒီနေ့သတ်မှတ် လိုက်ပါတယ်။

မွန်နှစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ပေါင်းစည်းရေးကော်မတီနဲ့ ညှိနှိုင်းပေးနေတဲ့ မွန်သံဃာတော်တွေ ဒီကနေ့ မော်လမြိုင်မြို့ ဈေးကြိုရပ် ဓာတုမာလာကျောင်းမှာ ဆွေးနွေးပွဲလုပ်ပြီး ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

မွန်ပါတီသစ်နာမည်ကို ယာယီပေးထားပြီး လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အမည်သစ်ကို အတည်ပြု ရွေးချယ်မှာဖြစ်သလို မူဝါဒပိုင်း ဆိုင်ရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိမ်းက ပြောပါတယ်။

“နောက်တစ်ပတ်မှာဆိုရင် နာမည်အသစ်ကို နှစ်ခုပေးထားတယ်၊ တစ်ခုကိုအတည်ပြုဖို့၊ နောက်မူဝါဒ ဆိုင်ရာ ဆွေးနွေးဖို့ လာမယ့် ၂၂ ရက်မှာ ဒီမှာပဲလုပ်မယ်၊ မွန်အမျိုးသားပါတီပေါ့ နောက်တစ်ခုက မွန်တစ်မျိုးသား လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဒီလိုပဲ ဆွေးနွေးပြီးတော့ ရလာဒ်ကတော့ ငြင်းခုံကျပေမယ့် အင်မတန်ကောင်းတဲ့ အဖြေယူပြီးတော့ ဒါကို အသုံးချကြမယ်”

မွန်နိုင်ငံရေးပါတီ နှစ်ခုအနေနဲ့ အခုလိုပေါင်းစည်းနိုင်ဖို့ နှစ်နှစ်ကျော်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒအရ နာမည် ၁၄ ခုကောက်ခံခဲ့ပြီးမှ အဲဒီအထဲက နာမည်နှစ်ခုကို ထပ်မံ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပေါင်းစည်းခဲ့ကြတဲ့ ပါတီနှစ်ခုထဲက မွန်ဒီမိုကရေစီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တည်ထောင် ခဲ့တာဖြစ်ပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here