Saturday, December 7, 2013

ပွင့်လင်း လူ့အဖွဲ့အစည်း၏ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုလွှာ ဒီဇင်ဘာလအတွင်း လွှတ်တော်ပို့မည်

0 comments
ရန်ကုန်၊ ဒီဇင်ဘာ ၆

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက လေ့လာ သုံးသပ်ကာ ပြင်ဆင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြောကြားသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုလွှာများတွင် ပြုပြင် ပြောင်းလဲလွယ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး အကြံပြုချက်များ အဓိက ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
“ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေဟာ ပြုလွယ်ပြင်လွယ် မဟုတ်ရင် သွေးထွက် သံယိုတွေ ဖြစ် လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ပွင့်လင်း လူ့အဖွဲ့အစည်း၏ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်များသည် ဖက်ဒရယ်စနစ် အမှန် တကယ် ပေါ်ပေါက်လာရန် အတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အပါအဝင် အမျိုးသားရေး မူဘောင် သုံးချက် ကို အခြေခံထားကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ သိရသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုလွှာ များကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ကြရန် ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့လာသော အကြံပြုလွှာ ၃၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေလာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံမှ သိရှိရသည်။

အဆိုပါ အကြံပြုလွှာများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ တွေ့ရှိချက် များကို အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here