Wednesday, December 4, 2013

ထုတ်ပြန်ထားသော စည်းကမ်းများအတိုင်း သရေခေတ္တရာဇုန် တင်းကျပ်စွာ စစ်ဆေးမည်

0 comments

ပြည်၊ ဒီဇင်ဘာ ၃
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန် ကြိုးစားနေသော ပြည်မြို့ အနောက်ဘက်ရှိ သရေခေတ္တရာဇုန် နယ်မြေအတွင်း ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက် များအတိုင်း တင်းကျပ်စွာ စစ်ဆေးဆောင် ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။


ယင်းသို့ စစ်ဆေးရာတွင် ရှေးဟောင်းဇုန်အတွင်း တည်းခိုခန်း၊ ဟိုတယ်၊ ခေတ်မီ စားသောက်ဆိုင် များနှင့် စက်မှုလုပ်ငန်းများ အပြင် ကျေးရွာများရှိ နေအိမ်များမှာ ဇုန်နှင့် လိုက်လျောညီထွေ မရှိသည့် နေအိမ်များ၊ မိရိုးဖလာ အိမ်ဆောက်သည့် ပုံစံမျိုးများ မဟုတ်ပါက ဌာနက ကန့်ကွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (သရေခေတ္တရာဇုန် နယ်မြေ) တာဝန်ရှိသူက ပြောကြားသည်။

"ဒေသခံတွေ လိုက်နာနိုင်တဲ့ စည်းကမ်းချက် တွေပါပဲ။ ဇုန်တွင်းမှာရှိတဲ့ ကျေးရွာ ဧရိယာပြင်ပမှာ အဆောက်အအုံ လုံးဝ ဆောက်ခွင့်မရှိဘူး။ ရွာထဲမှာ ဆောက်မယ်ဆိုရင် ရှေးဟောင်း အဆောက်အအုံ မြင်ကွင်းတွေကို ကွယ်စေနိုင်တဲ့ ပေ ၃၀ အထက် အိမ်ဆောက်လို့ မရဘူး။ ယူနက်စကို စာရင်းဝင်သွားပြီး စည်းကမ်း မလိုက်နာရင် ပြန်အဖြုတ် ခံရနိုင်တယ်" ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများအရ အိမ်သာတူး၊ ရေတွင်းတူးခြင်း မှစ၍ အိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို အကြောင်းကြားရ သည့်အတွက် ဒေသခံ လူအချို့မှာ သဘောမကျ ကြကြောင်း၊ လက်ရှိတွင် ဌာနမှ ဒေသခံများနှင့် ထိပ်တိုက် တွေ့ဆုံခြင်းမရှိဘဲ စည်းရုံးရေးသာ ဆောင်ရွက်နေကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ရှေးဟောင်းဇုန် အတွင်းနေ ကျေးရွာဒေသခံများကို ပညာပေး စည်းရုံးလျက်ရှိပြီး နောက်နှစ် ဇွန်လတွင် ပညာပေး စည်းရုံးခြင်းကာလမှာ လုံလောက်ပြီဟု ယူဆရသည့် အပြင် ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်သွားပါကလည်း ယူနက်စကိုက တောက်လျှောက် စစ်ဆေးမှုများ ပြုလုပ်နေမည် ဖြစ်သည့်အတွက် ဒေသခံများမှာ စည်းကမ်းချက်များကို လိုက်နာရန် လိုအပ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (သရေခေတ္တရာ ဇုန်နယ်မြေ) တာဝန်ရှိသူက ပြောကြားသည်။

တစ်ရက်လျှင် ခရီးသွားဧည့်သည့် ပျမ်းမျှ ၅၀ ခန့် လာရောက် ကြည့်ရှုနေသော သရေခေတ္တရာ ဇုန်နှင့် ပြတိုက်တွင် ယခုလမှ စတင်ပြီး ဇုန်တွင်း လှည့်ပတ်ကြည့်ရှု လိုသည့် ခရီးသွားများ အတွက် နွားလှည်းဂိတ် သီးသန့်ထားရှိထားပြီ ဖြစ်သည်။





The  Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here