Tuesday, December 17, 2013

ဒုတိယသမ္မတထံ တိုင်ကြားထားသည့် လယ်ယာမြေမှတ်ပုံတင်ခွင့် အငြင်းပွားမှု စတင်စစ်ဆေးပြီ

0 comments
17.12.2013

မကွေးတိုင်း၊ သရက်ခရိုင် အောင်လံမြို့နယ်ရှိ လယ်ယာမြေ ၃၀ ဒသမ ၆၈ ဧကပေါ်တွင် ဘိုးစဉ်ဘောင် ဆက် လုပ်ကိုင်ခဲ့သော တောင်သူများနှင့် ယခုနှစ်အတွင်း ယင်းမြေကို မှတ်ပုံတင်ခွင့်ရရှိခဲ့သည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုကို လယ်ယာစိုက်ပျိုးရေးဦးစီးဌာန အောင် လံမြို့နယ် မန်နေဂျာဦးဝင်းဖေ ဦးဆောင်၍ လာရောက် စစ်ဆေးနေသည်ဟု တောင်သူများက ဒီဇင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အောင်လံမြို့နယ်ရှိ ငမဲကန်ကွင်းနှင့် ကျောက်အိုးကွင်းတို့ရှိ အဆိုပါ မြေဧကပေါ်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူငါးဦးက လယ်ယာမြေမှတ်ပုံတင် လျှောက်ထားရာတွင် ပေါ်ပေါက်ခဲ့သည့် အငြင်းပွားမှုဖြစ်ပြီး တောင်သူများက နိုဝင်ဘာ ၂၈ ရက်တွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းထံ စာပို့တိုင် ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားထားမှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာ တာဝန်ရှိသူများ လာရောက် စစ်ဆေးနေ ခြင်းဖြစ်ပြီး တိုင်ကြားထားသူများဘက်မှ တစ်ဦးကို စစ်ဆေးပြီးဖြစ်သည်။

“ဦးနီနဲ့ ကျွန်တော့်ကို ချိန်းပါတယ်။ ကျွန်တော်ပဲသွားတယ်။ ဦးနီက ကျန်းမာရေးမကောင်းလို့။ ဗုဒ္ဓ ဟူးနေ့ ပြန်ချိန်းထားတယ်။ လယ်ယာမြေ မှတ်ပုံတင်ခွင့် ပုံစံ(၁) လျှောက်ခွင့်မပေးတာ ဟုတ်လား။ ဒု-သမ္မတဆီ လိပ်မူပြီး တိုင်တာဟုတ်လားဆိုတာ မေးပါတယ်”ဟု စစ်ဆေးခံရသူ ကိုအောင်ကျော်ကျော် က ပြောသည်။

တိုင်ကြားထားသူများက အဆိုပါမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြသကဲ့သို့၂၀၁၂ ခုနှစ် အထိ ပေးဆောင်ထားသည့် မြေခွန်ပြေစာများရှိသည်ကို သက်သေပြနိုင်သည်ဟု မဇ္ဈိမကို ပြောသည်။ ၎င်းတို့သည် အစိုးရက ထုတ်ပေးသည့် မိုးရာသီစိုက်ပျိုးစရိတ်ကိုလည်း ယခုနှစ်အထိ ရရှိထားကြ သူများ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ မြေခွန်များ ပေးဆောင်ထားသော်လည်း အဆိုပါ တောင်သူတို့သည် လယ်ယာမြေ မှတ်ပုံ တင်လျှောက်ထားရကောင်းမှန်း မသိခဲ့ကြခြင်းဖြစ်သည်။ “၂၀၁၂ ခုနှစ်အထိ မြေခွန်ပြေစာတွေ အားလုံးမှာ ရှိတယ်။ ဘဏ်ချေးငွေလည်း ထုတ်ရတယ်။ ဘဏ်ချေးငွေပေးတော့မယ်လို့ပြောလို့ မှတ်ပုံတင်လျှောက် ရမယ်ဆိုတာသိတာ”ဟု ကိုအောင်ကျော်ကျော်က ဆိုသည်။

ယင်းနောက် လယ်ယာမြေမှတ်ပုံတင်ရန် တောင်သူတို့ ဆောင်ရွက်ကြရာတွင် အဆိုပါ မြေဧကပေါ်၌ စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး မှတ်ပုံတင်ထားပြီးဖြစ်သည်ကို သိခဲ့ရသည်ဟု တောင်သူတစ်ဦးဖြစ်သူ ဦးနီက ပြောသည်။

“ပုံစံ(၁) သွားလျှောက်တော့ မြေစာရင်းဦးစီးမှူးက ခင်ဗျားတို့နာမည်နဲ့ မရှိတော့ဘူး။ တစ်ဖက်က ခင်ဗျား တို့ထက် ဦးအောင် လျှောက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကိုလည်း မမေးဘဲနဲ့ မြေစာရင်း ဦးစီးနဲ့ မြေတိုင်းစာရေးပေါင်းပြီး ပြေစာကို၂၀၁၃ တစ်ရွက်ထုတ်သွားတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ အငြင်းပွားမှုကို အောင်လံမြို့နယ် မြေစာရင်းဦးစီးဌာနက စုံစမ်းစစ်ဆေးနေသော်လည်း လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာနေခြင်းဖြစ်ကာ ငွေကြေးဆိုင်ရာ အရှုပ်အရှင်းများလည်းရှိသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ လယ်ယာမြေသိမ်းဆည်းခံရမှုများ၊ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများကို ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ ဆက်သွယ် တိုင်ကြားနိုင်သည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် မြေအသုံးချမှု စီမံခန့်ခွဲ ရေး ဗဟိုကော်မတီနှင့် အောက်ခြေကော်မတီအဆင့်ဆင့်မှ မည်သည့်အဆင့်ကိုမဆို တိုင်ကြားနိုင်ပြီး ယ ခုကဲ့သို့ နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက် တိုင်ကြားထားသူများလည်းရှိသည်။

Mizzima - News in  Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here