Thursday, December 5, 2013

ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့တို့ တွေ့ဆုံရန် ညှိနှိုင်းနေ

0 comments
(မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေး ပွဲအား တွေ့ရစဉ် ( ဓာတ်ပုံ- အောင်ဇော်ထွန်း))
5.12.2013

ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသနှင့် မြစ်ကြီးနားမြို့ တို့ တွင် ပြု လုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ အဆက်ကို ဘားအံတွင် ဆွေးနွေးနိုင်ရေး အစိုးရ အလုပ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့(NCCT) တို့ တွေ့ဆုံရန် ညှိနှိုင်းနေသည်ဟု Myanmmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြု လုပ်ရန်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဆွေးနွေးခဲ့ကာ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက် များတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံ ၍ ဆွေးနွေး မှု များ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံတွင် ထပ်မံတွေ့ဆုံ ရန် နှစ်ဖက် သဘော တူညီမှု ရခဲ့သည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘားအံတွင် ထပ်မံဆွေးနွေးနိုင်ရေး အတွက် ပြင်ဆင်မှု ပြုလုပ်ရန် အလုပ်အဖွဲ့ အချင်းချင်း ဦးစွာတွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

''NCCT နဲ့ တွေ့ဖို့ဆိုတာ အခုညှိနှိုင်း နေတုန်းပါ။ သူတို့ကလည်း သူတို့ရဲ့အဖွဲ့ တစ်ခုလုံး သဘောတူညီမှု ရဖို့ဆိုတာ အဖွဲ့တွေကများတော့။ အချိန်လေးတော့ ယူရတာပေါ့။ အလုပ်အဖွဲ့ချင်းတွေ့ဖို့ ညှိနှိုင်းနေတယ်။ ရက်တွေညှိနေတယ်။ လိုင်ဇာနဲ့ မြစ်ကြီးနားရဲ့ အဆက်ကို ဘားအံမှာ ကျွန်တော်တို့ ဆွေးနွေးနိုင် ဖို့ ပြင်နေ တဲ့ ပြင်ဆင်မှု တစ်ခုပေါ့။ ဘားအံဆွေးနွေးပွဲကျမှပဲ အပြီးသတ်လုပ်နိုင်မယ့် သဘောရှိတာပေါ့။ အခု လောလောဆယ် ဘယ်မှာတွေ့ရင် ကောင်းမလဲ ဘယ်သူတွေ လာမလဲ ဆိုတာတွေ ကို ဆွေးနွေးနေ ပါတယ်'' ဟု ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၄ ရက်က The Daily Eleven သတင်းစာ ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

အစိုးရနှင့် ဘားအံတွင် မတွေ့ဆုံမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လိုင်ဇာကဲ့သို့သော ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) နယ်မြေတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း ကျင်းပရန် လျာထားကြောင်းနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲမှာလည်း ဇန်န၀ါရီလသို့ ရက်ရွှေ့ဆိုင်းကြောင်း သတင်းများ ထွက်ပေါ်နေ သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး မြစ်ကြီးနား ဆွေးနွေးပွဲတွင် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးပို့ထားသည့် မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်မခံသည့် အချက်များ ပါဝင်နေသော်လည်း ဆက်လက် ညှိနှိုင်းမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက နိုဝင်ဘာလက ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ''ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည် မှုတွေ၊ စိုးရိမ်ကြောင့်ကြ မှုတွေကို ဖြေလျော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဌာန်ချထားကြောင်း ကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်း ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေ တနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်'' ဟု ပြောကြားထားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here