Thursday, September 20, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် လူတစ်သောင်းခန့် ပြောင်းရွှေ့ရမည်ဟု အီတာလျံ-ထိုင်း ကုမ္ပဏီကြေညာ

0 comments
September 20,2012

 
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့်လူဦးရေမှာ ၁၀,၀၀၀ ခန့်ရှိမည်ဟု အဆိုပါစီမံကိန်းကို လုပ်ဆောင် နေသော ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံထိုင်းကုမ္ပဏီက ဇွန်လ ၈ ရက်နေ့ကထုတ်ပြန်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် အကောင်အထည်ဖော်မည့် အဆို ပါ စီမံကိန်းကြောင့် ဒေသခံပြည်သူများ အိမ်ရာပြောင်း ရွှေ့ပေးရမည်ဖြစ်သော်လည်း အိမ်ရာအသစ်များ ပြန်လည် ချထားပေးနိုင်မည်ဟု စီမံကိန်း၏ ဆောက်လုပ်ရေးအပိုင်းကို တာဝန်ယူ ထားသည့် အဆိုပါကုမ္ပဏီက ထပ်မံ အတည်ပြုကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“လူဦးရေ တစ်သောင်းကျော်ကျော်လေးပဲ ရှိပါတယ်။ သူတို့တွေကို ပြန်လည် နေရာချထားပေးမှာပါ”ဟု အီတာ လျံထိုင်း ဖွံ့ဖြိုးမှု ကုမ္ပဏီဥက္ကဋ္ဌ ပရန်ချိုင်း ကနာဆူတာက အေအက်ဖ်ပီကို ပြောသည်။
အဆိုပါကုမ္ပဏီက ထားဝယ်စီမံကိန်းအတွက် သုံးစွဲမည့် ဘဏ္ဍာရေးအစီအမံကို ယခုနှစ်ကုန်တွင် အပြီးရေးဆွဲမည်ဖြစ်ပြီး အခြေခံ ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်မှာ ယခင်ခန့်မှန်းထားကြသည့် ဒေါ်လာလေးဘီလျံထက် လျော့ နည်းနိုင်ကြောင်း ၎င်းက ရိုက်တာ သတင်းဌာနကို ပြောသည်။
“ဆောက်လုပ်တဲ့နည်းစနစ်ကြောင့် ကုန်ကျစရိတ်က လျော့နည်းသွားဖို့ ရှိပါတယ်။ နောက်လအနည်းငယ်အတွင်းမှာတော့ ကျွန်တော် တို့ အပြီးရေးဆွဲနိုင်မှာပါ” ဟု ပရန်ချိုင်းက ပြောသည်။
အဆိုပါ ၁၀ နှစ်စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ပထမ ငါး နှစ်၊ သို့မဟုတ် ခြောက်နှစ်အထိ ကြာမြင့်နိုင်မည်ဖြစ်ပြီး ရေနံပိုက်လိုင်းနှင့်အပြိုင် သွယ်တန်းဖောက်လုပ်မည့် ထားဝယ်-ဘန်ကောက် မီးရထားလမ်း အပါအ၀င် အခြားလုပ်ငန်းများအတွက် ငါးနှစ်ခန့် အချိန်ယူရမည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အီတာလျံထိုင်းကုမ္ပဏီက ထားဝယ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူ စီးပွားဖက်များအား ရှာဖွေလျက်ရှိပြီး ယခုနှစ်ကုန်တွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရောင်းချနိုင်ရန် မျှော်လင့်ထားသည်။
ရေနက်ဆိပ်ကမ်းနှင့်အတူ စတုရန်း ကီလိုမီတာ ၂၅၀ ရှိ စီးပွားရေးဇုန်တစ်ခု ပါဝင်မည့် အဆိုပါထားဝယ်ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း တွင် သံမဏိစက်ရုံ၊ ရေနံဓာတုပစ္စည်းစက်ရုံ၊ ဓာတ်မြေဩဇာ စက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဆီသန့်စင် စက်ရုံများ ပါဝင်ကာ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံ တန်ဖိုးရှိသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အခြေခံအဆောက်အအုံစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Myanmar Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here