Thursday, September 20, 2012

ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်နှင့်ကန့်သတ်မှု ကင်းလွတ်ခွင့် ပြန်လည်ရရှိ

0 comments
September 20,2012

ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှုကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်၊ ပြီးခဲ့သည့် တနင်္လာနေ့က ဥရောပသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
၎င်းထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂသို့ လက်နက်ခဲယမ်းမီးကျောက်မှလွဲ၍ ကျန်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် အလုပ်သမားဆိုင်ရာ နယ်ပယ်များအတွင်း လတ်တလောဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုလာခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ၏ အထွေထွေအခွန်ကင်းလွတ်ခွင့် အစီအစဉ် (Generalised System Preferences - GSP) အရ မြန်မာ့ကုန်ပစ္စည်းများအား အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
GSP အစီအစဉ်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်ပစ္စည်းများ ဥရောပသမဂ္ဂနိုင်ငံများ၏ ဈေးကွက်တွင် လာရောက်ရောင်းချလျှင် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် အဆိုပါနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးသည့် အစီအစဉ်ဖြစ်သည်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂမှ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းတွင် ထည့်သွင်းထားသဖြင့် မြန်မာနိုင်ငံအနေနှင့် GSP အစီအစဉ်၏ အကျိုးကျေးဇူးကို ခံစားခွင့်ရှိမည်ဖြစ်သည်။
ဥရောပ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Karel De Gucht က ''ဥရောပသမဂ္ဂက ပေးအပ်တဲ့ အခွန်ကင်းလွတ်ခွင့်က မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဈေးကွက်ထဲ ၀င်ရောက်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုလိုတာပါပဲ''ဟု ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်တွင် အဓမ္မဖိအားပေး ခိုင်းစေမှုများဆိုင်ရာ ကွန်ဗင်းရှင်းများ ဖောက်ဖျက်မှုကြောင့် GSP အစီအစဉ်မှ ခံစားခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အီးယူသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယူရို ၁၆၉ သန်း တန်ဖိုးရှိခဲ့သည်။ ၎င်းပမာဏသည် မြန်မာမှ ကမ္ဘာအရပ်ရပ်သို့ တင်ပို့မှု စုစုပေါင်း၏ သုံးရာခိုင်နှုန်းဖြစ်ပြီး အီးယူ၏ စုစုပေါင်းတင်သွင်းမှု၏ ၀ ဒသမ ၀၁ ရာ ခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံမှ အကန့်အသတ်ဖြင့် တင်ပို့မှု၏ အများစုမှာ အ၀တ်အထည်များဖြစ်သည်ဟု သိရှိရသည်။
လက်ရှိ GSP အစီအစဉ်မှာ ၂၀၁၃ ခုနှစ်အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကောင်စီက လက်ရှိ GSP အစီအစဉ်ကို ပြုပြင်ရန် ပြီးခဲ့သည့်ဇွန်လက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ GSP အစီအစဉ်သစ်မှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ပို့ကုန်ဆိုင်ရာ အခွင့်အရေးများ ပိုမိုရရှိလာမည်ဟု ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here