Monday, September 17, 2012

ကြပ်ကြပ်ထုပ်ထုပ်ကြိုက်သူများ သတိ

0 comments


ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများ ရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျ လှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်း ရှိသည်။

နေ့စဉ် ၀တ်ဆင်သည့် အ၀တ်အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှုမရှိခြင်း၊ ကြပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိလိုက်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။

ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသည့် ဘောင်းဘီကြပ်ကြပ်များ လူငယ်ထုအတွင်း ပိုမိုအကြိုက်များလာကြသည်။ ထိုဘောင်းဘီအကြပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ ဖြစ်စေသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။

ဘောင်းဘီကြပ်ကြပ်သည် စမတ်ကျ လှပသော်လည်း သက်သောင့်သက်သာတော့ သိပ်မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကြပ်နေသည့် ဘောင်းဘီသည် အရေပြားပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြေဥခြင်းများအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေသည့် အရေပြားမှတစ်ဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ညပိုင်းတွင် ဆီမကြာခဏသွားခြင်း၊ ဆီးအရောင်အနံ့ ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းတို့သည် ရောဂါလက္ခဏာများဖြစ်ပြီး ဆီးနှင့် ကျောက်ကပ်ရောဂါအများစုမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာ မကုသပါက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဘောင်းဘီရှည် အကြပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ်ရည်များ ထွက်ခြင်း၊ ရင်ခေါင်းပူပြီးနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ၀မ်းသွားခြင်း စသည့် ဆိုးရွားသည့် ပြဿနာများပါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“အောက်ခံအ၀တ် ကြပ်ကြပ်တွေကတော့ ပထမဆုံး ပေါင်ပွန်းတာတွေ ဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေ ရောင်လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျ ကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်”ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။

အရေပြားတွင်ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများ အသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည် ဆိုသော်လည်း လိမ်းဆေးအချို့တွင် အရေပြား ကိုယ်ခံစွမ်းအား ကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်းဆေးများလည်း ရှိသည်။ ထိုကဲ့သို့သော လိမ်းဆေးများအား ရိုးရိုးယားနာ ပျောက်ရန်အတွက် လိမ်းသည့်အခါ အရေပြားပွန်းပဲ့ခြင်းကြောင့် ပုံမှန်မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံစွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွား သွားစေသည်လည်းရှိကြောင်း သိရသည်။

ဘောင်းဘီကျပ်များက ပေါင်နေရာအား စည်းထားသလို ဖြစ်သည့်အတွက် ကျင်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့အပြင် အာရုံကြောများ ဖိထားသလိုဖြစ်ခြင်းကြောင့် ခြေထောက်အာရုံကြောများ နာကျင်စေခြင်း၊ တင်ပါးစုံမှ အာရုံကြောများ ထိခိုက်နိုင်ခြင်းတို့ပါ
ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် ကြပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိ အကြောများ ပြတ်တောက်၍ အရေပြားတွင် အကြောများ ပြတ်တောက်ခြင်းကြောင့်ဖြစ်သည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်။

ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေးချိန် များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရသူများ ဘောင်းဘီကြပ်ကြပ် ၀တ်ခြင်းအား ပိုမိုသတိပြုသင့်ကြောင်း သိရသည်။

များသောအားဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအ၀တ်အစားများအား မူလသုံးသည့် ဆိုဒ်များသာ သုံးခြင်းကလည်း အရေပြားပွန်းပဲ့ပြီး နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား၊ အမျိုးသမီးများအတွက် အောက်ခံအ၀တ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ခံအ၀တ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက်ထက်ပို၍ ၀တ်ဆင်ရန် မသင့်တော်ပေ။ ခန္ဓာကိုယ်မှ ထွက်ရှိလာသည့် ချွေးများကြောင့်နှင့် စိုစွတ်နေသည့် အောက်ခံအ၀တ်အစားများအတွင်း ပိုးပေါက်ဖွားပြီး မှိုပိုးများ ၀င်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါများ ဖြစ်ပွားလာနိုင်ခြင်း စသည်တို့ကို ခံစားကြရနိုင်ကြောင်း သိရသည်။

ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အလွန်ဟောင်းသွားသည်အထိ ထိုအောက်ခံများအား အသုံးပြုနေခြင်းတို့သည် အောက်ခံအ၀တ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီရဲခြင်း၊
ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက်တာမြတ်စန္ဒာကျော်ကပြောသည်။

အောက်ခံအ၀တ်အစားများအား ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၊ တစ်ထည်တည်းကို ထပ်ခါဝတ်ခြင်း၊ ပူလောင်နေသည့် အသားဖြင့် ချုပ်ထားသော ပစ္စည်းများသုံးခြင်းကို ဆင်ခြင်ခြင်းဖြင့် ရောဂါများ ကူးစက်ဖြစ်ပွားခြင်းကိုလည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်ခံအ၀တ်အစား ကြပ်ကြပ်များအား ၂၄ နာရီလုံး ၀တ်ဆင်ထားခြင်းသည် အမျိုးသားများအတွက် သားသမီးရနိုင်သည့် စွမ်းရည်ကိုပါ ကျဆင်းစေသည်အထိ ဖြစ်နိုင်ကြောင်းနှင့် ကြပ်လွန်းသည့် အောက်ခံအ၀တ်အစားများကို အမျိုးသား၊ အမျိုးသမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင်ကြဉ်သင့်ကြောင်း နိုင်ငံတကာမှ ပညာရှင်များကလည်း အကြံပြုပြောကြားထားသည်။

“ညဘက်အိပ်တဲ့ အချိန်မှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေလည်း နားနေကြတယ်။ အဲဒီချိန်မှာ အညစ်အကြေးတွေ ထုတ်တာ၊ ကိုယ်ခံအားစနစ်တွေ ပြုပြင်ပေးတာတွေ လုပ်နေတဲ့အချိန်မှာ ကြပ်တဲ့အောက်ခံတွေက အနှောင့်အယှက်တွေ ပေးတယ်။ အမျိုးသားတွေမှာ အဲလို အောက်ခံကြပ်ကြပ်တွေရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်”ဟု ဒေါက်တာမြတ်စန္ဒာကျော်ကပြောသည်။

နေ့စဉ်ဝတ်ဆင်သည့် အ၀တ်အစားများမှတစ်ဆင့် ရောဂါများ ရရှိသည်အထိ မဖြစ်စေရန် ရွေးချယ်အသုံးပြုကြရန် လိုအပ်ပြီး
မိမိနှင့်သင့်လျော်သည့် သိပ်မကြပ်လွန်း၊ မကျယ်လွန်းသည့် အ၀တ်အစားများ အသုံးပြုခြင်း၊ အောက်ခံအ၀တ်အစားများအား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာ ၀တ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေးစုပ်နိုင်သည့် အသားဖြင့် ပြုလုပ်ထားသော အောက်ခံများအား အသုံးပြုသင့်ကြောင်း သိရသည်။

နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေးအတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့် အချက်များထဲတွင် ဒေါက်ဖိနပ်အမြင့်များစီးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ခန္ဓာကိုယ်အပေါက်များ ဖောက်ခြင်း၊ နေပူခံခြင်း စသည့် အကြောင်းအရာများအပြင်အလွန်ကြပ်သည့်ဘောင်းဘီများကလည်းကျန်းမာရေးအတွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here