Thursday, September 20, 2012

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ(၁)ရှိ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမား ၄၅ဦး အချက် ၇ ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်

0 comments
နီလာစတား စက္ကူစက်ရုံ မှ အလုပ်သမား ၄၅ ဦး ယင်းစက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်နေသည်ကို စက်တင်ဘာလ ၁၉ ရက်နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်က တွေ့ရစဉ်

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံ (၁) ရှိ နီလာစတား စက္ကူစက်ရုံ မှ အလုပ်သမား ၄၅ ဦး အချက် ၇ ချက်ပါ သဘောတူညီမှု ရရှိရေး ဆန္ဒဖော်ထုတ်မှု စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း ၆နာရီအချိန်မှ စတင်ပြုလုပ်ခဲ့
ကြောင်း သတင်းရရှိပါသည်။

ယင်းစက္ကူစက်ရုံမှ ၀န်ထမ်းများတောင်းဆိုခဲ့သည့် အချက် ၇ ချက်မှာ စက်ရုံအလုပ်သမားများအနေဖြင့် လခ၏ ၁၀ ရာခိုင်နှုန်းအား စုဆောင်းငွေအဖြစ် စုဆောင်းနေရခြင်းအား ပယ်ဖျက်ပေးရန်၊ရက် မှန်ကြေး ၅၀၀၀ ကျပ်အား ရှားပါးစရိတ် ၅၀၀၀ ကျပ်နှင့် ပေါင်းပေးရန် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင်များ အား ဥပဒေပါအတိုင်း ခံစားခွင့်ပြုပေးရန်၊ အဆောင်ကြေးနှင့် ထမင်းစရိတ်အတွက် လျော့ချပေးသည့်ငွေ အား လစာငွေထဲတွင် ထည့်ပေးရန်၊ ယင်းစက်ရုံမှ စီမံရေးရာဌာနမှ မန်နေဂျာ ဦးတင်လှအား ရာထူးမှဖယ် ရှားပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရန်နှင့် လုပ်သက်အလိုက် ဆုကြေးများ ပေးရန်စသည့်အချက်များဖြစ်သည်။

အလုပ်သမားများ၏ တောင်းဆိုမှုများနှင့်ပတ်သက်၍ နံနက် ၁၁ နာရီအချိန်ခန့်တွင် ယင်းစက်ရုံမှ တာဝန်ရှိ သူ များက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည့် အလုပ်သမားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ၇ ဦးနှင့် အချိန်တစ်နာရီ
ကျော် အကြာ ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တောင်းဆိုချက်များ မရရှိခဲ့ကြောင်း သိရသည်။

နီလာစတား စက္ကူစက်ရုံ မှ အလုပ်သမား ၄၅ ဦး ယင်းစက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်နေသည်ကို စက်တင်ဘာလ ၁၉ ရက်နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်က တွေ့ရစဉ်

နီလာစတားစက္ကူစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုကျော်မျိုးက''အဆင်မပြေလို့ တောင်းဆိုမှုတွေ ပြုလုပ် ကာမှ ပိုဆိုးသွားတယ်။ အရင်တုန်းက ၈၂၀၀၀ ရတဲ့သူက အခုညှိနှိုင်းမှု ပြုလုပ်မှုအရ ၆၅၀၀၀ ပဲရရှိမယ့် သဘော ဖြစ်သွားတယ်။ ဒီခြောက်သောင်းခွဲနဲ့ ဘယ်လိုမှ အပြင်မှာ နေလို့ မရဘူ။ သူတို့က ကျွန်တော်တို့ကို အချိန်တစ်ပတ်ပဲ ပေးတယ်။ အလုပ်သမားတွေအပေါ် အလုပ်ရှင်အနေနဲ့ လုံးဝငဲ့ညှာမှုမရှိတဲ့ အနေအထား မျိုးဗျ။ ကျွန်တော်တို့အ နေနဲ့ ရှေ့ဆက်ညှိလို့ မရရင် နောက်နေ့တွေအထိ ကျွန်တော်တို့ လိုချင်တဲ့ အချက်
တွေ ကို တောင်းဆိုသွားမှာပါ''ဟု ပြောပြခဲ့ပါသည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ နီလာစတားစက်ရုံမှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူဆိုသူက ''ကျွန်တော်တို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေး
ရေး ဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောဆိုပြီး တယ်လီဖုန်းချသွား ပါ သည်။

ထပ်မံ၍ ဒဂုံဆိပ်ကမ်းမြို့နယ် အလုပ်သမားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောစိုးတင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးစောစိုးတင်က''ကျွန်တော်တို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ အလုပ်သများတွေ တောင်းဆိုတဲ့အချက်တွေ ၇ ချက်ကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောပြခဲ့ပါသည်။

နေ့လည် ၁၂ နာရီ ၃၀မိနစ်အချိန်ခန့်တွင် ယင်းစက်ရုံမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအာဏာပိုင်များ စက်ရုံအတွင်း ဆွေးနွေးမှုများပြုလုပ် နေကြောင်း နှင့် ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများအနေဖြင့် ထမင်း စားသောက်နိုင်ရေးနှင့်အတွက်စီစဉ် လျက်ရှိကြောင်းသိရသည်။

နေ့လည် ၂နာရီ ၅၀မိနစ်အချိန်တွင် ဆန္ဒဖော်ထုတ်သည့် အလုပ်သမားခေါင်းဆောင် ၇ဦး၊ ယင်းစက္ကူ စက်ရုံ မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုအပြီးတွင် အလုပ်သမားများအနေဖြင့် စက်တင်ဘာ ၂၆ရက်နေ့မှစ၍ စက်ရုံအဆောင်တွင် နေထိုင်ခွင့်မပြုတော့ကြောင်း လစာငွေ ၆၅၀၀၀ ကျပ်ရရှိမည်ဖြစ်ကြောင်းနှင့် အချို့အလုပ်သမားများမှာ ယင်း လစာငွေ ၆၅၀၀၀ ထက်လျော့နည်း ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် အလုပ်သမားအဖွဲ့
ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းစက်ရုံ အလုပ်သမားအများစုသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များမှ လာရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း သိရသည်။


သတင်း
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here