Thursday, September 20, 2012

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် မြို့ပေါ် ၄ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ်

0 comments
ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်အတွင်း ရေကြီးရေလျှံနေမှုကြောင့် ရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေမှုကို စက်တင်ဘာလ ၁၉ ရက်နေ့က မြင်တွေ့ရစဉ်
ဓါတ်ပုံ - ၀င်းမြင့်ကျော်

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ရေကြီးရေလျံမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုမှ အိမ်ခြေ ၂၀၀ ကျော်ရေနစ်မြုပ် လျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ် အတွင်း ၁၅ ကြိမ်မြောက် ရေကြီး ရေလျံမှု
ကြောင့် ဖားကန့်မြို့အတွင်းရှိ အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်နှင့် လုံးခင်း ရပ်ကွက်တို့ရှိ အိမ်ခြေ ၂၀၀ ကျော် ရေနစ်မြုပ် ခဲ့သည်။

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်အတွင်း ရေကြီးရေလျှံနေမှုကြောင့် ရပ်ကွက်အတွင်း လှေများဖြင့် သွားလာနေမှုကို စက်တင်ဘာလ ၁၉ ရက်နေ့က မြင်တွေ့ရစဉ် 
ဓါတ်ပုံ - ၀င်းမြင့်ကျော်


ရေကြီးရေလျံမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက''စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီးတော့ ရေက ရပ်ကွက် ထဲမှာ လူတစ်ရပ်စာကျော်ထိဝင်ရောက်ခဲ့တယ်။ အခု စက်တင်ဘာလ ၁၉ ရက်နေ့ထိ ရေလုံးဝမကျသေးဘူး။ ဒါပေမယ့် အရင်ရက်ကထက်တော့ အနည်းငယ် ကျဆင်းသွားပါပြီ။ 

အနိမ့်ဆောက်ထားတဲ့အိမ်တွေက မိသားစုတွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ သွားနေကြရတယ်။ နှစ်ထပ်အိမ်လို အမြင့်ဆောက်လုပ်ထားတဲ့ အိမ်တွေကတော့ အပေါ်ထပ်တွေမှာ နေလို့ရသေးတယ်။ အခု လိုမျိုး ရေကြီးတဲ့ဖြစ်စဉ်ကတော့ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေမယ့် အခုအကြိမ်က အဆိုးဆုံးပါပဲ''ဟု ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ ဖားကန့်မြို့အတွင်း ရေကြီးရေလျံမှု မကြာခဏ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းမှာ ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေစာများကို ဥရုချောင်းကမ်းပါးများ၌ စည်းကမ်းမဲ့ စွန့်ပစ် မှုကြောင့် အဆိုပါချောင်း၏ မြေအောက်မျက်နှာပြင် တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာခြင်းကြောင့်ဖြစ်
ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အေးမြသာယာရပ်ကွက်မှ ဒေသခံတစ်ဦးက''ဥရုချောင်းဘေးတစ်လျှောက်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တွေက စွန့်ပစ်မြေစာတွေကို ချောင်းရဲ့ ပေ ၃၀၀ အတွင်းမှာ မစွန့်ပစ်ဖို့ သတ္တုတွင်းဝန်ကြီးဌာနက တားမြစ်ထားပေမယ့် မလိုက်နာတဲ့ ကုမ္ပဏီတွေကြောင့် တစ်ဖြည်းဖြည်း စွန့်ပစ်
မြေစာတွေ ပုံကြရင်းနဲ့ ဥရုချောင်းမျက်နှာပြင်က တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့တယ်။ 

အရင်တုန်းကဆိုရင် အခုရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေက ဥရုချောင်းရဲ့ အထက်ပိုင်းမှာရှိတယ်။ အခုဆိုရင် ဥရုချောင်းနဲ့ ရပ်ကွက်တွေက အမြင့်တူလာလို့ ချောင်းရေကြီးတာနဲ့ လူနေရပ်ကွက်တွေထဲမှာ ရေလျံတော့ တာပဲ''ဟု ပြောကြားခဲ့သည်။

အဆိုပါ ရေကြီးမှုဖြစ်စဉ်ကြောင့် တစ်ထောင်ဝန်းကျင်ခန့်ရှိ ဒေသခံများကလည်း ဖားကန့်မြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်လာသူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းအချို့တွင်  လာရောက်ခိုနား လျက်ရှိကြောင်း အဆိုပါကယ်ဆယ် ရေးစခန်းများမှ သိရှိရသည်။ ဖားကန့်နှစ်ခြင်းအသင်းတော်တွင် ဖွင့်လှစ် ထားသော ကယ်ဆယ်ရေးစခန်းမှ ဦးဘောက်တူးဂျာက''စစ်ဘေးကြောင့် တိမ်းရှောင်လာသူတွေကို နေရာ ချထားပေးတဲ့ အခန်းတွေမှာ အခုရေကြီးရေလျံနေတာကြောင့် နေထိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေပါ တယ်။ နေစရာလောက်ငှမှု မရှိတော့ပါဘူး''ဟု ပြောကြားခဲ့သည်။

ဖားကန့်ဒေသတွင် နှစ်ဖက်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်မှုကြောင့် ဒေသခံများ၏ လူမှုရေး၊စီးပွားရေး၊ကျန်းမာ ရေးစသည့်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ယခုကဲ့သို့ ရေကြီး
ရေလျံနေမှု ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဒေသခံများ အကြပ်အတည်းများဖြင့် ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။


သတင်း
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here