Thursday, September 20, 2012

မန္တလေးတိုင်းတွင် ကန်ဒေါ်လာသန်း ၃၆၀ တန် စက်မှုဇုန် တည်ထောင်မည်

0 comments





တရုတ်ပြည်သူ့သမ္မတနိုင်ငံ Suzhou Industrial Park ၏ ပုံစံအတိုင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာနှင့် နဘူးအိုင်ရွာအကြားတွင် မြို့သာစက်မှုဇုန် Industrial Park စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၆၀ အကုန်အကျခံကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းစီမံကိန်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် မန္တလေးမြို့၌ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေပိုင်ရှင်အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး တည်ဆောက်ရေးအပိုင်းကို Royal Hi-Tech ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြို့သာစက်မှုဇုန် စီမံကိန်းတွင် စက်မှုဇုန်၊ ဆိပ်ကမ်း၊ လူနေအိမ်များ၊ ရှော့ပင်းမောလ်များ ပါဝင်မည်ဟု ၄င်းကဆိုသည်။ ယင်းကုမ္ပဏီမှ ကျပ် ၉၀ ဘီလီယံ မတည်ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင်မူ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းသွားရန်ရှိပြီး အစုရှယ်ယာများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။ ယခုစီမံကိန်းကို နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပြီး မြေအသုံးချခွင့်ရရှိပါက အမြန်ဆုံး အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။ ယင်းစီမံကိန်းမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀ ရာခိုင်နှုန်း၊ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး ရရှိလာသည့် ငွေများကို မန္တလေးတိုင်းအတွင်း ဖွံ့ဖြိုးရေး လိုအပ်ချက်များ လုပ်ဆောင်ရာတွင် အသုံးပြုသွားမည်ဟု ဝန်ကြီးက ပြောသည်။ မြို့သာစက်မှုဇုန်သည် လူနှစ်သိန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများလည်း ဆက်သွယ်မှုရှိကြသည်ဟု ဝန်ကြီးက ပြောပြခဲ့သည်။ ယင်းစီမံကိန်း မြေနေရာများမှာ စားကျက်မြေများဖြစ်ပြီး လယ်မြေအချို့ ပါဝင်ကာ အစိုးရအဖွဲ့က ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
From : 7Days News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here