Thursday, November 1, 2012

အင်းလေးကန် ထိန်းသိမ်းထူထောင်ရေး စီမံကိန်းဖော်ဆောင်မည့် NGO များအား ထပ်မံ ဖိတ်ခေါ်မည်

0 comments
နိုဝင်ဘာ(၁)


အင်းလေးကန် ကာကွယ်ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်း ဆောင်ရွက်နိုင်မည့် NGO အဖွဲ့များကို ယခုနှစ်အတွင်း ထပ်မံဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း  UNDP မှ သိရသည်။ အင်းလေးကန် ကာကွယ် ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နော်ဝေနိုင်ငံမှ ထောက်ပံ့သည့် ကန်ဒေါ်လာ နှစ်သန်းဖြင့် UNDPမှတာဝန်ယူကာ ပြည်တွင်းNGOအဖွဲ့၁၂ဖွဲ့ကိုဖိတ်ခေါ်၍ နှစ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်း နှစ်နှစ် စီမံကိန်း ကာလအတွင်း လိုအပ်နေသော လုပ်ငန်းများကို ထပ်မံ ဆောင်ရွက်နိုင်ရန် NGO များကို ထပ်မံဖိတ်ခေါ်ရန် စီစဉ်ရခြင်း ဖြစ်သည်ဟု UNDP ၏ စီမံကိန်း ဒါရိုက်တာ ဦးထွန်းပေါ်ဦးက ပြောသည်။ “အခုထပ်ခေါ်တာ လာလျှောက်တဲ့အပေါ် မူတည်ပြီး အဖွဲ့ဘယ်နှဖွဲ့ ရမလဲ သိရမှာ။ ကျွန်တော်တို့ကတော့ လိုအပ်နေတဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့အဖွဲ့၊ လုပ်နိုင်မယ့် အဖွဲ့တွေကို ရွေးချယ် ခေါ်သွားမှာပါ” ဟု ဦးထွန်းပေါ်ဦးက ပြောသည်။ ထိုကဲ့သို့ NGO အဖွဲ့များ ဖိတ်ခေါ်ရာတွင် လက်ရှိ စီမံကိန်း နယ်မြေအတွင်းတွင် လိုအပ်နေသော လုပ်ငန်းများနှင့် သုတေသနပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် အဖွဲ့အစည်းများကို အဓိက ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အင်းလေးကန် ကာကွယ် ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေး နှစ်နှစ်စီမံကိန်း ဆောင်ရွက်နေမှုတွင် ဒေသခံ NGO များ ပါဝင်မှု နည်းပါးနေမှုကို ဝေဖန်မှုများ ရှိနေသည်များနှင့် ပတ်သက်၍လည်း UNDP မှ တာဝန်ရှိသူ ဦးစောဒိုဝါးက “ဒေသခံအဖွဲ့တွေက သူတို့ဒေသဆိုတော့ လုပ်ချင်ကိုင်ချင်ကြတယ်။ ဒါပေမဲ့ နည်းပညာ၊ အတွေ့အကြုံ နည်းတော့ ကျွမ်းကျင်တဲ့ မြို့ပေါ်က NGO နဲ့တွဲပြီး အတွေ့အကြုံရအောင် လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော်တို့ကလည်း အားပေးပါ တယ်” ဟု ပြောသည်။ ပထမအကြိမ် အင်းလေးကန် ကာကွယ် ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေး နှစ်နှစ်စီမံကိန်း ဆောင်ရွက်ရန်အတွက် NGO များအား ဖိတ်ခေါ်ရာတွင် ပြည်တွင်း NGO ၂၉ ဖွဲ့မှာ လျှောက်လွှာများ တင်သွင်းခဲ့ကြပြီး ထိုအထဲမှ ၁၂ ဖွဲ့ကိုသာ ရွေးချယ် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့များထဲတွင် ဒေသခံအဖွဲ့များ ဖြစ်သည့် အင်းစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအသင်း၊ ဓနုစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အသင်းတို့ ပါဝင်ကြောင်း သိရသည်။


Yatanarpon National

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here