Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်

0 comments
နိုဝင်ဘာ(၃၀)

 ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ 

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ သွားဖို့ ရှိပါတယ်။ 

၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့်  နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။ 

တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန် ဒေါ်အောင်ဆန်စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ်တယ်လို့ ကိုရီယား ချိုဆမ် မီဒီယာ သတင်းတခု မှာ ဖော်ပြထားပါတယ်။ 

ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူး ဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခု ပေးဖို့အစီအစဉ်လည်း ရှိကြောင်း အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆို ပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။  

၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယား နိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထု လှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် လူပေါင်း လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။ 

ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့် တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံး ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု ဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။ 

ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရသူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း က နှစ်စဉ် ဆု ပေးလေ့ ရှိပါတယ်။

ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here