Wednesday, November 28, 2012

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်ခွင့်ရ

0 comments
နိုဝင်ဘာ(၂၈)

အမေရိကန်အပါအ၀င် နိုင်ငံပေါင်းစုံမှ တပ်သားအင်အား တစ်သောင်းကျော် ပါဝင်သော Cobra Gold စုပေါင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် မြန်မာနိုင်ငံမှ လာမည့်နှစ်မှစ၍ သုံးကြိမ်ဆက်လေ့ လာသူ သုံးဦးစေလွှတ် ရန် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိတွင် အမေရိကန်တပ်မတော်နှင့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများသဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၁၆၊ ၁၇ ရက်တွင် စီရမ်ရိမြို့၌ ကျင်းပ ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် အဆိုပါအစည်းအဝေးနှင့် ဆက်စပ်၍ အမေရိကန်ကာကွယ်ရေး ၀န်ကြီးပါနက်တာနှင့် မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သီးခြားဆွေးနွေးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း အာဆီယံကာကွယ်ရေး ၀န်ကြီးများအစည်းအဝေးမှ သတင်းရရှိသည်။ 

ထို့ကြောင့် ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် (၃၂) ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် လေ့လာသူ သုံးဦး စေလွှတ်ခွင့်ရပြီဖြစ်သည်။ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူကမ်ပိုလ်ဆူဝန်နက်တက် (Sukumpol Suwa-natat) က Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ မြန်မာလေ့လာခွင့်ရခြင်းကို အတည်ပြုပြီး အမေရိကန်နှင့် မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ထိုင်းက ကြားခံကူ
ညီမည်ဟု ပြောကြားထားသည်။

လူသားချင်းစာနာမှုအထောက်အကူပေးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စသည်တို့ တွင် မြန်မာ့ တပ်မတော်မှ လေ့လာသူသုံးဦးကို ပါဝင်လေ့လာခွင့် ရနိုင်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။ ယမန်နှစ်က ထိုင်းနိုင်ငံတွင် ပြုလုပ်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုအစီအစဉ်သို့ အမေရိကန်၊ ထိုင်းစသော နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ တပ်သား ၁၃၀၀၀ ခန့် ပါဝင်ခဲ့သည်။

မြန်မာ့တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်ရာတွင် မည်သည့်အဆင့်များကို စေလွှတ်မည်လဲဟု အစိုးရ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ ယင်းသတင်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ပြောသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် မြန်မာ့တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်ရန် သဘော တူညီခြင်းမှာ အမေရိကန်တပ်မတော်က မြန်မာ့တပ်မတော်နှင့် ၁၉၈၀ ပြည့်နောက်ပိုင်း နှစ်ပေါင်း ၃၀ ၀န်းကျင်တွင် ပထမဆုံး ပြန်လည်ထိတွေ့ဆက်ဆံလာခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက သတင်းဖော်ပြသည်။

“ခေတ်မီတဲ့ ဒီမိုကရေစီကိုလေးစားတန်ဖိုးထားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် တကယ့်ဒီမိုကရေစီနိုင်ငံ ကြီးတွေရဲ့ တပ်မတော်တွေနဲ့ပူးပေါင်းမှုရှိဖို့လိုတယ်။ ပြီးတော့ တကယ့်ဒီမိုကရေစီနိုင်ငံကြီးရဲ့ စစ်တပ် နဲ့ပူးပေါင်းခြင်းအားဖြင့် နိုင်ငံရေးကို အရမ်းစွက်ဖက်တဲ့ စစ်တပ်ကနေ ဒီမိုကရေစီကိုလေးစားတဲ့ စစ်တပ်ဖြစ်သွားနိုင်တယ်။စစ်တပ်ကို ဒီမိုကရေစီသင်ပေးသလိုပေါ့”ဟု နိုင်ငံရေးဆောင်းပါးရှင် နေသန်မောင် က အမေရိကန်စစ်တပ်နှင့် ထိတွေ့ဆက်ဆံရန်လိုကြောင်း ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက နေပြည်တော်၌ မြန်မာ-အမေရိကန်ပူးပေါင်း၍ ပထမဆုံးကျင်းပသော လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်ပစိဖိတ်တပ်မတော်မှ ကြယ်သုံးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးက အရပ်သားထိန်းချုပ်ထားသော တပ်မတော်၊ လွတ်လပ်သော လူ့ အဖွဲ့အစည်းမှ တပ်မတော်အခန်း ကဏ္ဍစသည့် ဒီမိုကရေစီနိုင်ငံနှင့် တပ်မတော် အခန်းကဏ္ဍ ကို ပြော ကြားဆွေးနွေး ခဲ့သည်။

အိုဘားမား၏ ရန်ကုန်တက္ကသိုလ် သမိုင်းဝင်မိန့်ခွန်းတွင် ဒီမိုကရေစီနိုင်ငံတွင် တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့ သည်။ “အမေရိကန်ဟာ ကမ္ဘာမှာ အားအကောင်းဆုံးစစ်တပ်ရှိထားပေမယ့် စစ်တပ်ဟာ အရပ်သားထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ရော အမေရိကန်သမ္မတတစ်ဦးအနေနဲ့ပါ ကျွန်တော်ဟာ တစ်ခါတလေမှာ ကိုယ်ဆန္ဒရှိတာကို လုပ်ချင်တာတောင်မှ ကျွန်တော်တို့ရဲ့ ကွန်ဂရက် လွှတ်တော်မှာ ကျွန်တော့်ဆန္ဒကို အတင်းအကျပ် မတင်ပြနိုင်ပါဘူး”

ထို့အပြင် အမေရိကန်သမ္မတက “အမေရိကန်ဟာ ခင်ဗျားတို့လမ်းကြောင်းရဲ့ ခြေလှမ်းတိုင်းကို အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းအောင် ကျွန်တော်တို့ရဲ့ ထောက်ပံ့ကူညီမှုကို အသုံးပြုရင်း လူ့အခွင့်အရေးနဲ့ ကိုယ်ကျွမ်းကျင်ရာ အလုပ်အကိုင်ကိုပါမြှင့်တင်ဖို့ ခင်ဗျားတို့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရင်း စီးပွားရေးတိုးတက်မှုနဲ့အတူ ဒီမိုကရေစီစနစ်ဆီ ဦးတည်တဲ့ ခင်ဗျားတို့ရဲ့ တိုးတက်မှုကို ဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ခင်ဗျားတို့နဲ့အတူ ပူးပေါင်းဆောင်ရွက် ရင်း ထောက်ခံ သွားပါ မယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကန်တပ်မတော်မှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများရရှိရန် စိတ်ဝင်စားကြောင်း အောက်တိုဘာ ၂၁ ရက်တွင် သမ္မတရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီရမ်ရိ(ပ်) တွင် ပြုလုပ်သော အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးတွင် ၂၀၁၃ ဇွန် လတွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် သဘာဝဘေးအန္တရာယ်နှင့် စစ်ဘက်ဆေးဝါးပိုင်းဆိုင်ရာ လေ့ကျင့်ရေး အစီအစဉ်ကို သဘောတူညီနိုင်ခဲ့သည်။ ထိုလေ့ကျင့်မှု အစီအစဉ်သို့ မြန်မာအပါအ၀င် အာဆီယံနိုင်ငံများအပြင် အမေရိကန်၊ နယူးဇီလန် စသောနိုင်ငံများမှ တပ်မတော်များလည်း ပါဝင်မည်ဖြစ်သည်။ ထို့အပြင် အာဆီယံပြည်တွင်းစစ် ကင်းမဲ့ဇုန် (Asean Civil War Free Zone) တည်ထောင်ရန် အဖွဲ့ဝင်နိုင်ငံများ သဘောတူညီခဲ့သည်။
from -7daysnewsjournal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here